ဒေးဒရဲ ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့်ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ဇီးဖြူကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးကျော်ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ အသိဥာဏ်ပညာနှင့် စဥ်းစားတွေးခေါ်မှုစွမ်းရည်များဖွံ့ဖြိုးလာပြီး နိုင်ငံတော်နှင့်မိမိပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မည့် လူငယ်များပေါ်ထွန်းလာစေရန် လူငယ်စကားဝိုင်းများဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ ဦးစီအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ဦးဆောင်ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မောင်ပြည့်ဝချမ်းသာက လူငယ်နှင့်စာပေ၊ မရွှေရည်လှိုင်က လူငယ်နှင့်ယဥ်ကျေးမှု၊ မောင်နိုင်းနိုင်းအောင်က လူငယ်နှင့်အားကစား၊ မခိုင်ဇင်အောင်က လူငယ်နှင့်စာကြည့်တိုက်စသည့်ခေါင်းစဥ်တို့ဖြင့်ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီး ဒေါ်ဖြူလဲ့ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ရသစာအုပ်စာစောင်များ ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
အေဇာလင်း