ဘားအံ ဇွန် ၁၃
နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းပိုလျှံရန်ပုံငွေ(GRF)အဖြစ် ကရင်ပြည်နယ်အတွင်း ကျောင်းဆောင်တည်ဆောက်ရေးလုပ်ငန်းပေါင်း (၂၈)ခုကို ခွင့်ပြုဆောင်ရွက်လျက်ရှိရာ အဆိုပါတည်ဆောက်ရေးလုပ်ငန်းများအနက်မှ ခွင့်ပြုရန်ပုံငွေကျပ် ၁၄၂ ဒဿမ ၈၁၃ သန်းဖြင့် ဆောင်ရွက်သော ဘားအံမြို့နယ်၊ ခနိမ်းဒိုကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ) တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူများနှင့် ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် ခနိမ်းဒိုအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၏ (၉၀ပေ x ၃၀ပေ) Steel Structure တစ်ထပ် ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူ၊ ဘင်ခရာ၊ ပန်းပွား၊ အေရိုးဗစ်အဖွဲ့များနှင့်စုပေါင်းမှတ်တမ်း ဓာတ်ပုံများ ရိုက်ကူး၍ အဆိုပါအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်ကမ္ပည်းကြေးပြားအား အမွှေးနံ့ သာရည်များပက်ဖျန်းပေးကြပြီး ကျောင်းဆောင်သစ်အားလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တစ်ထပ်ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အဆိုပါကျောင်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုကျောင်းဆောင်ကြီးအား ရေရှည်တည်တံ့ရန်နှင့် အစဉ်သန့်၀ရှင်းသာယာလှပစေရန် လက်ရှိကျောင်းတွင်တာဝန်ထမ်းဆောင်နေကြသော ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများက ထိန်းသိမ်းစောင့်ရှောက်ပေးကြရမည်ဖြစ်ပြီး လိုအပ်ချက် များရှိပါကလည်း ကျောင်းအကျိုးတော်ဆောင်၊ မိဘများက ပံ့ပိုးဖြည့်ဆည်းပေးရန်တိုက်တွန်းလိုကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ပညာရည်ထူးချွန်ပြီးနိုင်ငံအတွက်အားထားရသည့် ဗလငါးတန်နှင့်ပြည့်စုံသော တပည့်ကောင်းများပေါ်ထွက်လာအောင် သင်ကြားပေးကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် တာဝန်ယူဆောက်လုပ်ပေးသော နန်းအေးရိပ်ကုမ္ပဏီမှ ကျောင်းဆောင်သစ်ဆိုင်ရာ စာရွက်စာတမ်းများကို ခရိုင်ပညာရေးမှူးထံ လွှဲပြောင်းပေးအပ်ပြီး ကျောင်းအကျိုးတော်ဆောင် တစ်ဦးက ကျေးဇူးတင်စကားပြန် လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)