ဘိုကလေး ဇွန် ၁၄
လူငယ်များ ဘက်စုံကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရေး၊ စာပေအသိပညာ မြင့်မားတိုးတက်စေရေးတို့ကို ရည်ရွယ်ကာ ယနေ့နံနက်(၁၁)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဘိုကလေးမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ အ.လ.က (ခွဲ) ကျောင်းသို့ ကွင်းဆင်းကာ လူငယ် အသိပညာပေးဟောပြောပွဲနှင့် လူငယ်ကဏ္ဍမြင့်မားရေးဆိုင်ရာပြပွဲများ ပြသဆောင်ရွက်သည်။
လူငယ်အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်မှ လူငယ်များ ဘက်စုံကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်နှင့် တန်ဖိုးရှိသော၊ ဂုဏ်၊ ဒြပ်များဖြင့် ပြည့်စုံသောလူငယ်များ ဖြစ်ထွန်းဖို့ရာ အဓိကအရေးကြီးသော အချက်မှာ စာများများ ဖတ်ရှုရန်လိုအပ်ကြောင်းနှင့် တန်ဖိုးရှိသော လူငယ်များ ဖြစ်ထွန်းစေရေးအတွက် ကြိုးစားကျင့်ကြံရမည့် နည်းနာများအား ဥပမာ၊ သာဓကများဖြင့် ကျောင်းသားလူငယ်များအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်ကြသော ကျောင်းသားလူငယ်များအား လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ကဏ္ဍစုံနံရံကပ်စာစောင်များနှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအား ဖော်ကျုးရေးဖွဲ့ထားသော သုတ၊ ရသ စာအုပ်များအား ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
မိုးစက် (ဘိုကလေး)