ပွင့်ဖြူ ဇွန် ၁၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆည်မုန်းကျေးရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်း တံတားလုပ်ငန်းအတွက် လုပ်ငန်းတင်ဒါရရှိသည့် ကုမ္ပဏီနှင့် မြို့နယ်အဆင့် တင်ဒါလုပ်ငန်းချပြရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် တင်ဒါလုပ်ငန်းချပြရှင်းလင်းပွဲ အခမ်းအနားတွင် ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်း ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဆည်မုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းတံတားများ ဆောင်ရွက်ရာ၌ တင်ဒါရရှိသည့် ကုမ္ပဏီအနေဖြင့် လုပ်ငန်းအရည်အသွေး ပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဒေသခံပြည်သူများအတွက် အမှန်တကယ် အကျိုးပြုနိုင်ရေး စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဆည်မုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းတံတားနှင့်စပ်လျဉ်းပြီး လုပ်ငန်းအတိုင်းအတာနှင့် တင်ဒါပါစည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး တင်ဒါရရှိသည့် ဇေယျာစွမ်းထက်ကုမ္ပဏီမှ တာဝန်ရှိသူများက မိမိတို့တာဝန်ယူ ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် ရှင်းလင်းဆွေးနွေး တင်ပြကြသည်။ ထို့နောက် သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက တင်ဒါလုပ်ငန်းများနှင့်စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ပြန်လည်ရှင်းလင်းဆွေးနွေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်းမှာ အရှည်ပေ (၁) မိုင်၊ (၂) ဒသမ (၃) ဖာလုံရှိပြီး လမ်းအကျယ် (၁၂) ပေ၊ လမ်းအမြင့်ထု တစ်ပေ (၉) လက်မ မြေနီကျောက်စရစ်ခင်းခြင်း၊ အရှည် (၆) ပေ၊ အကျယ် (၁၈) ပေ၊ အမြင့် (၆) ပေရှိ Slab Culvert (၁) စင်းနှင့် အရှည်ပေ (၂၀) Pipe Culvert (၁) စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျတ် ခွင့်ပြုရန်ပုံငွေကျပ် (၁၂၂) ဒသမ (၄၇၅) သန်းဖြင့် တင်ဒါရရှိသည့် ဇေယျာစွမ်းထက်ကုမ္ပဏီမှ တာဝန်ယူ၍ ဇွန်လ (၂၅) ရက်နေ့တွင် လုပ်ငန်းစတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်း ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာအပါအဝင် ကျေးရွာ (၅) ရွာမှ အိမ်ခြေ (၁၁၁၃) အိမ်၊ လူဦးရေ (၄၂၈၉) ဦး၏ စိုက်ပျိုးလယ်မြေဧက (၉၀) အတွက် ရာသီမရွေး အဆင်ပြေစွာ သီးနှံစိုက်ပျိုးနိုင်မည်ဖြစ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုပေးနိုင်မည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )