ရွှေကျင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြသခြင်း ဆောင်ရွက်

ရွှေကျင် ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြသခြင်းနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက ညောင်ဝိုင်းရပ်ကွက် အခြေခံပညာမူလတန်း (လွန်) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးဟိန်းမင်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစု‌အောင်က ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးပြီး၊ ထူးချွန်ထက်မြတ်သူများ ဖြစ်လာစေရန်၊ သိသင့်သိထိုက်သည့် အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာများကို ဖတ်ကြရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်များ အကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  စာဖတ်ရှိန် မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်အဖြစ် ဒုတိယဦးစီးမှူး ဦးမျိုးငြိမ်းနှင့် ဒေါ်မို့မို့သွင် (ရုပ်/သံ) ကျွမ်းကျင်-၃တို့က ကျောင်းသား/ကျောင်းသူများအား အသိပညာတိုးပွားစေမည့် ရုပ်ပုံပြဇာတ်နှင့် ရုပ်ပုံပါ ပုံပြင်စာအုပ်များဖြင့် ပုံပြင်‌ပြောပြခြင်း၊ စာအုပ်များအား ဖတ်ရှု‌စေရန်ပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)