ရွှေတောင် ဇွန် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက အ.မ.က မြောက်ပိုင်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့ လေ့လာရေးလာရောက်ဆောင်ရွက်ခဲ့ကြ သည်။
ရှေးဦးစွာ လေ့လာရေး လာရောက်သော မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့် ကဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ဖြစ်စေရန်နှင့်လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲများကို ပြုလုပ်ကျင်းပခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများအား စာကြည့်တိုက်လှုပ်ရှားမှုအနေဖြင့် စက္ကူအရုပ်များပြုလုပ်ခဲ့ကြပြီး ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က "မီးရထားဆင်ကလေး" စက္ကူပြဇာတ်ဖြင့် ပုံပြောခြင်း၊ ဒေါ်ရွှေဝတ်ရည်တိုးက "ဂူရွန်းပါ၏ မူကြိုကျောင်း" ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်များ အသီးသီးပြောပြခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ပန်းချီပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူလေးများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်ပြပွဲနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)