မကွေး ဇွန် ၁၄
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ မှ (၁၅) ရက်နေ့အထိ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့်ပတ်သက်၍ လူထုအသိပညာပေး လှုံဆော်ရေးပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကန်သာယာရပ်ကွက်ရှိ ကန်သာမင်္ဂလာကန်တော်တွင်ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကွဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဝင်များ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်း ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများတက်ရောက်သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် သန်းခေါင်စာရင်းကောက်ယူခြင်းကို မြန်မာနိုင်ငံတွင် သာလွန်မင်းလက်ထက်နှင့် ဘိုးတော်ဘုရားလက်ထက်တို့တွင် ကောက်ယူခဲ့သည့်သမိုင်း အထောက်အထားများတွေ့ရှိရသကဲ့သို့ လွတ်လပ်ရေးမရမီ ကိုလိုနီခေတ်ကလည်း ပုံမှန်သန်းခေါင်စာရင်းကောက်ယူခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ လွတ်လပ်ရေးရပြီး နောက်ပိုင်း ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်တို့တွင်လည်း ကောက်ယူခဲ့ပြီး ၂၀၁၄ခုနှစ်တွင် ကမ္ဘာ့အဆင့်မီ ပြည်လုံးကျွတ် သန်းခေါင်းစာရင်းကို ကောက်ယူနိုင်ခဲ့ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းကြောင့် နိုင်ငံနှင့်ပြည်သူလူထုအတွက် လိုအပ်သော လူဦးရေမူဝါဒများရေးစွဲရာတွင် အထောက်အကူပြုသကဲ့သို့ သက်ဆိုင်ရာဒေသတစ်ခုချင်းစီအလိုက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေး၊ လူသားအရင်းအမြစ် စီမံခန့်ခွဲပြုစုပျိုးထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် လိုအပ်သော ကိန်းဂဏာန်းအချက်အလက်များကိုလည်း ရရှိလာမှာ ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာ့နိုင်ငံအများစုမှာလည်း လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ကုလသမဂ္ဂအပါအဝင် လူဦးရေပညာ ရှင်များပါဝင်ပြီး ပုံမှန်အားဖြင့် (၅)နှစ် သို့မဟုတ် (၁၀)နှစ်လျှင်တစ်ကြိမ် ကောက်ယူလာကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းအဆင့် ကောက်ယူခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ကြားဖြတ်သန်းခေါင်စာရင်းကိုလည်းကောင်း ယခု ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက် နေ့အထိ (၁၅) ရက်ကြာ ကောက်ယူသွားမှာဖြစ်ပြီး လုပ်ငန်းများတောင်မြင်စွာ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကွဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ တိုင်းရင်းသားရေးဝန်ကြီး ဦးထွန်းခင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းရဲထွန်းတို့က လူထုအသိပညာပေးလှုံဆော်ရေး ပိုစတာ(Billboard)အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူထုအသိပညာပေးလှုံဆော်ရေး ပိုစတာ(Billboard)အား အမွေးနံသာရည်များဖြင့်ပတ်ဖျန်းပေးခဲ့ပြီး အခမ်းအနားတွင် ပါဝင်ကူညီခဲ့သည့် ဘင်ခရာအဖွဲ့နှင့်ပန်းပွားအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကာ ခင်းကျင်းပြသထားသည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း အချက်အလက်များအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)