ပုသိမ် ဇွန် ၁၄
အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။
ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်က “အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းများ ရောက်ရှိရေးအတွက် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုးရေးတွင်စံပြ တိုင်းဒေသကြီးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပန်းတိုင်အထွက်နှုန်း မရောက်ရှိသေးသည့် သီးနှံများကို ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ယခုနှစ်နွေစပါးနှင့် အစေ့ထုတ်ပြောင်းသည် ပန်းတိုင်အထွက်နှုန်းရောက်ရှိပြီးဖြစ်ကာ မိုးစပါး (၁) ဧက ဆယ်တင်းနှုန်း ပိုမိုထွက်ရှိရေးနှင့် မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း ပန်းတိုင်အထွက်နှုန်း ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်း ရာနှုန်းပြည့် ဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများကို ပိုမိုတိုးချဲ့စိုက်ပျိုးရန်လိုအပ်ပြီး ပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကြဲခင်းစနစ်ဖြင့် စိုက်ပျိုးခြင်းသည် ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးကို လျော့ကျစေမည်ဖြစ်ပြီး ကြဲခင်းစနစ်များ လျော့နည်းပပျောက်စေရေးအတွက် မျိုးစေ့ချကိရိယာ၊ ကောက်စိုက်စက်များ အသုံးပြု၍ စနစ်တကျ စိုက်ပျိုးရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများသည် နိုင်ငံ့ဝင်ငွေများကို ရှာဖွေပေးနေသည့် အဓိကလုပ်ငန်းများဖြစ်ပါကြောင်း၊ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ရောက်ရှိအောင် ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်းစသည့် နည်းလမ်းလေးသွယ်ဖြင့် စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း စိုက်ပျိုးသီးနှံစုံ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကားများ ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအတွင်း ကြဲခင်းစနစ် လျော့နည်းပပျောက်ရေး၊ စားသုံးဆီဖူလုံမှု ရှိစေရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ပေးပို့သော လမ်းညွှန်ချက်များအပေါ် ဆောင်ရွက်နိုင်မှု အခြေအနေများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးကလည်းကောင်း၊ တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီတွင်မိုးသီးနှံများ စိုက်ပျိုးထွက်ရှိမှု အခြေအနေနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာန၊ တိုင်းဦးစီးမှူးကလည်းကောင်း၊ တိုင်းဒေသကြီးအတွင်း ကြဲခင်းစနစ်ပပျောက်ရေး Drum Seeder လက်စွဲကောက်စိုက်စက် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေမှုနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးစက်မှု လယ်ယာဦးစီးဌာန၊ တိုင်းဦးစီးမှူးက လည်းကောင်း၊ ပုသိမ်တက္ကသိုလ်၊ မအူပင်တက္ကသိုလ်၊ ဟင်္သာတက္ကသိုလ်များမှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ ဆရာမကြီးများနှင့် မြောင်းမြစိုက်ပျိုးရေး သုတေသနဦးစီးဌာန သုတေသနအရာရှိက စိုက်ပျိုးရေးသုတေသန လုပ်ငန်းဆောင်ရွက်နေမှုများ၊ တွေ့ရှိချက်များ အားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍနှင့်စပ်လျဉ်း၍ ပေးအပ်ထားသော ရည်မှန်းချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေမျာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)