၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို တစ်နိုင်ငံလုံး၌ ဇွန် ၁၁ ရက်က ထုတ်ပြန်ခဲ့ရာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အနေဖြင့် ဖြေဆိုသူပေါင်း(၉၉၇)ဦးရှိပြီး အောင်မြင်သူ(၅၃၅)ဦးရှိရာ ရာခိုင်နှုန်းအားဖြင့် (၅၃.၆၆)ရာခိုင်နှုန်းဖြစ်ကြောင်း ဘားအံမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ထူးချွန်စွာအောင်မြင်ကြသူ ကျောင်းသား၊ ကျောင်းသူများ၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ရပါသည်-
ဒေါ်နန်းရီရီသန်း (မြို့နယ်ပညာရေးမှူး) ၊ ဘားအံမြို့
ကျွန်မတို့ ဘားအံမြို့နယ်မှာ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ Grade-12 ကို ဖြေဆိုသူ(၉၉၇)ဦးရှိပြီး အောင်မြင်သူ(၅၃၃)ဦးရှိပါတယ်။ အောင်ချက်ရာခိုင်နှုန်းအနေနဲ့ (၅၃.၆၆) ရာခိုင်နှုန်းဖြစ်ပါတယ်။ ပြည်နယ်အဆင့်မှာ ဘားအံမြို့နယ်အနေနဲ့ အောင်ချက်ရာခိုင်နှုန်း ဒုတိယအဆင့်ကို ရရှိပါတယ်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း Grade-12 စာမေးပွဲကို ထူးချွန်ထက်မြက်တဲ့ကလေးများ မွေးထုတ်ပေးနိုင်ဖို့အတွက် ဆရာ/ဆရာမများကိုလည်း မွမ်းမံသင်တန်းနဲ့ စွမ်းရည်မြှင့်သင်တန်းများကို ဘာသာရပ်အလိုက် ဆောင်ရွက်ပေးပြီး တက္ကသိုလ်များနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား သင်ကြားသင်ယူမှု တိုးတက်စေရန်အတွက် အခြေခံပညာ Grade-12 စာမေးပွဲအောင်ချက်မြင့်မားရေးကို ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနဲ့ပေါင်းစပ်ညှိနှိုင်းပြီး အောင်ချက်မြင့်မားပြီး ပညာရေးကို ဆက်လက်တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်သွားပါ့မယ်။
ဒေါ်စန်းစန်းကြည်(ကျောင်းအုပ်ဆရာမကြီး)၊ ဘားအံမြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း
ကျွန်မတို့ကျောင်းမှာ ဖြေဆိုသူ(၁၀၄)ဦးရှိပြီး အောင်မြင်သူ(၆၄)ဦး၊ အောင်ချက်ရာခိုင်နှုန်း(၆၁.၅၄) ရာခိုင်နှုန်းဖြစ်ပါတယ်။ ဂုဏ်ထူးရှင်(၅)ဘာသာ(၁)ဦး၊ (၄)ဘာသာ(၁)ဦး၊ (၃)ဘာသာ(၅)ဦး၊ (၂)ဘာသာ(၄)ဦးနဲ့ (၁)ဘာသာဂုဏ်ထူး(၉)ဦးထွက်ရှိပါတယ်။ ကျွန်မတို့ကျောင်းမှာ နှစ်စတည်းက ပြည်နယ်ညွှန်မှူးများက ဆရာမတို့ မျှော်မှန်းရာခိုင်နှုန်း ဘယ်လောက်ရှိလဲလို့ပြောပါတယ်။ ကျွန်မတို့က (၆၀)ရာခိုင်နှုန်းမျှော်မှန်းထားပါတယ်လို့ ပြောခဲ့ပါတယ်၊ အခုဆိုရင်တော့ ကျွန်မတို့ကျောင်းက (၆၁)ကျော်သွားတဲ့အတွက် မျှော်မှန်းထားတာထက် ကျော်သွားတဲ့အတွက် အများကြီးဝမ်းသာမိပါတယ်၊ အခုလိုကျောင်းသား/ကျောင်းသူတွေ ထူးထူးချွန်ချွန်နဲ့ အောင်မြင်သွားတဲ့အတွက်ကြောင့် ဆက်လက်ပြီးတော့ကြိုးစားပါ၊ ကိုယ်တက်ရောက်မယ့် တက္ကသိုလ်တွေမှာလည်း ဒီထက်မက အောင်မြင်အောင် ထူးချွန်အောင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်။
မောင်စောသူရဝင်း၊ (၅) ဘာသာဂုဏ်ထူးရှင်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ဘားအံမြို့
မင်္ဂလာပါခင်ဗျာ၊ ကျွန်တော်ကတော့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ပညာသင်ကြားခဲ့တဲ့ မောင်စောသူရဝင်းဖြစ်ပါတယ်ခင်ဗျ၊ ဒီနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းမှာ ကျွန်တော် (၅)ဘာသာ ဂုဏ်ထူးထွက်ခဲ့ပါတယ်၊ မြန်မာစာ၊ သင်္ချာ၊ ဓာတု၊ ရူပဗေဒဘာသာနှင့် ဇီဝဗေဒဘာသာရပ်တွေဖြစ်ပါတယ်ခင်ဗျ၊ (၅)ဘာသာဂုဏ်ထူးရအောင် နှစ်စကတည်းက ကျောင်းသင်ခန်းစာတွေကို ပုံမှန်လုပ်ခဲ့ပါတယ်၊ ကျွန်တော်က ဆရာ/ဆရာမတွေရဲ့ စာသင်ချိန်တွေမှာ တစ်စိုက်မတ်မတ် လေ့လာသင်ယူခဲ့ပါတယ်၊ ကျွန်တော်နားမလည်တာရှိရင်လည်း ဆရာ/ဆရာမတွေကို ချက်ခြင်းမေးမြန်းခဲ့ပါတယ်၊ အခုလာမယ့် Grade-12 ဖြေဆိုမယ့် ညီငယ်/ညီမငယ်တွေကို ပြောချင်တာက အခက်အခဲတွေ ဘယ်လိုပဲရှိရှိ အခက်အခဲတွေကို မဆုတ်မနစ်ပဲနဲ့ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ဆက်သွားကြပါလို့ တိုက်တွန်းလိုက်ပါတယ် ခင်ဗျ။
မောင်စောကြည်ထွန်းဦး(၄)ဘာသာဂုဏ်ထူးရှင်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ဘားအံမြို့
ကျွန်တော်ကတော့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘားအံမြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့တဲ့ မောင်စောကြည်ထွန်းဦး ဖြစ်ပါတယ်ခင်ဗျ၊ ကျွန်တော် ဒီမနက်အစောပဲ ဂုဏ်ထူး(၄)ဘာသာဖြစ်တဲ့ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒဘာသာနဲ့ ဇီဝဗေဒဘာသာရပ်တို့ ဂုဏ်ထူးပါတာကြားခဲ့ရတာပါ၊ ကျွန်တော်က စာကို ပုံမှန်ကြိုးစားခဲ့ပါတယ်၊ ရတဲ့စာတွေကို နေ့တိုင်းပြန်နွှေးပါတယ်၊ မနေ့က ရတဲ့စာကို ဒီနေ့ပြန်နွှေးပါတယ်၊ ပုံမှန်စား၊ ပုံမှန်အိပ်ပါတယ်၊ ကျန်းမာရေးကောင်းအောင်လည်း ဂရုစိုက်ပါတယ်၊ (၄)ဘာသာဂုဏ်ထူးရတဲ့အတွက် အရမ်းပျော်ရွှင်ရပါတယ်၊ အခုလာမယ့် Grade-12 ဖြေဆိုမယ့် ကျောင်းသား/ကျောင်းသူများ စာကိုပုံမှန်လုပ်ဖို့နဲ့ ရတဲ့စာတွေကို ပြန်နွှေးဖို့ပြောချင်ပါတယ်၊ ကျွန်တော်က အင်ဂျင်နီယာဖြစ်ဖို့ စိတ်ကူးပါတယ်ခင်ဗျ။
မောင်ရဲထက်ကို (၄)ဘာသာဂုဏ်ထူးရှင်၊ အ.ထ.က(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဘားအံမြို့
ကျွန်တော်ကတော့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘားအံမြို့ အ.ထ.က(၁)အခြေခံပညာ အထက်တန်းကျောင်း Grade-12 တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့တဲ့ မောင်ရဲထက်ကို ဖြစ်ပါတယ်ခင်ဗျ။ ကျွန်တော်က (၄)ဘာသာဖြစ်တဲ့ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပ၊ ဇီဝဗေဒဘာသာရပ်ဂုဏ်ထူးတွေနဲ့အောင်မြင်ခဲ့ပါတယ်။ ကျွန်တော် စာသင်တဲ့အချိန်မှာ ဆရာ/ဆရာမတွေရဲ့ သင်ကြားမှုတွေကိုပဲ အာရုံစိုက်နားထောင်ခဲ့ပါတယ်။ အိမ်ပြန်လို့ စာပြန်ကျက်ရင် ဆရာ/ဆရာမတွေရဲ့ စကားတွေက ကျွန်တော့နားထဲမှာ ပြန်ကြားနေပါတယ်။ အခုလို (၄)ဘာသာဂုဏ်ထူးပါတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်ခင်ဗျ။ အခုလာမယ့် Grade-12 ဖြေဆိုမယ့် ညီငယ်/ညီမငယ်တွေကို ပြောချင်တာက တစ်နေ့စာတစ်နေ့ တစ်ပတ်စာတစ်ပတ် ပုံမှန်ဖတ်သွားမယ်ဆိုရင် လိုချင်တဲ့အမှတ်တွေရရှိပြီး ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်ရှိနိုင်မှာဖြစ်ပါတယ်။
နန်းအိန္ဒြေသန့်(၃) ဘာသာဂုဏ်ထူးရှင်၊ အ.ထ.က(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဘားအံမြို့
ကျွန်မကတော့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘားအံမြို့ အ.ထ.က(၁)အခြေခံပညာအထက်တန်းကျောင်း Grade-12 တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုအောင်မြင်ကျော်လွှားခဲ့တဲ့ မနန်းအိန္ဒြေသန့်ဖြစ်ပါတယ်ရှင့်။ Grade-12 စနစ်သစ်တက္ကသိုလ်ဝင်စာမေးပွဲကို သင်္ချာ၊ ဓာတု ၊ ဇီဝဗေဒ ဘာသာရပ်တွေနဲ့ ဂုဏ်ထူး(၃)ဘာသာနဲ့အောင်မြင်ခဲ့ပါတယ်၊ (၃)ဘာသာဂုဏ်ထူးထွက်ဖို့ဆိုတာ မလွယ်ကူဘူးထင်ပါတယ်။ ဒါကြောင့်မို့ နှစ်စတည်းက စာကိုပုံမှန်လုပ်ခဲ့တယ်။ တစ်နေ့စာတစ်နေ့လုပ်တယ်၊ တစ်နှစ်လုံး စာအတွက် တစ်ပတ်စာကို ပြန်လည်ပြီး Revision ပြန်ခဲ့ပါတယ်။ အဲ့တာကြောင့်မလို့ အခုလာမယ့် Grade-12 ဖြေဆိုမယ့် မောင်လေး/ညီမလေးများကို ပြောချင်တာကတော့ ဘာသာရပ်အားလုံး ချောချောမွေ့မွေ့ဖြစ်ဖို့ဆိုရင် ဆရာ/ဆရာမသင်တွေ သင်သမျှအားလုံးကို လိုက်နာမှတ်သားနိုင်ရမယ်၊ ကိုယ်ကိုယ်တိုင်လဲ လေ့လာနိုင်ရမယ်၊ အဲ့ဒါမှ ဒီစနစ်သစ်ကို အောင်အောင်မြင်မြင်နဲ့ ကျော်လွှာနိုင်မယ်လို့ ထင်ပါတယ်ရှင့်။
မောင်လင်းထက်ဦး (၃)ဘာသာဂုဏ်ထူးရှင်၊ အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်း၊ ဘားအံမြို့
ကျွန်တော်ကတော့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘားအံမြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့တဲ့ မောင်လင်းထက်ဦးပဲ ဖြစ်ပါတယ်၊ မြန်မာစာ၊ သင်္ချာ၊ ဇီဝဗေဒဘာသာရပ်(၃)ခုနဲ့ ဂုဏ်ထူးရခဲ့ပါတယ်၊ စာကျက်ချိန်ဆို မနက်စောစောထပြီး ဝီရိယနဲ့ ကြိုးစားရတယ်။ တစ်နေကုန် ကြိုးစာပြီး ကျက်မှတ်တယ်၊ ပြီးတော့ Exercise activity လုပ်တယ်၊ အားတဲ့အချိန်ဆို ကြက်တောင်ရိုက်တယ်၊ မပင်ပန်းအောင် ပေါ့ပေါ့ပါးပါး အားကစားတွေလုပ်ရတာပေါ့၊ ဘာသာရပ်(၃)ဘာသာ ဂုဏ်ထူးထွက်တဲ့အတွက် ဝမ်းသာမိပါတယ်၊ အခုလာမယ့် Grade-12 ဖြေဆိုမယ့် ညီငယ်/ညီမငယ်တွေအနေဖြင့် စာကိုပုံမှန်လုပ်ပါ၊ စိတ်ဖိစီးမှုမထားပါနဲ့၊ စိတ်ဖိစီးမှုထားလျှင် စာတွေကိုမှတ်ရတာခက်ပါတယ်၊ ပေါ့ပေါ့ပါးပါးနဲ့ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်အောင်ဖြောင့်ဖြောင့်ဖြူးဖြူး ဖြေနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။
မောင်ကျော်လင်းထက် (၃)ဘာသာဂုဏ်ထူးရှင်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ဘားအံမြို့
ကျွန်တော်ကတော့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘားအံမြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့တဲ့ မောင်ကျော်လင်းထက်ပဲ ဖြစ်ပါတယ်၊ ကျွန်တော်က ဂုဏ်ထူး(၃)ဘာသာထွက်ပါတယ်၊ မြန်မာစာ၊ သင်္ချာ၊ ဇီဝဗေဒဘာသာရပ်တို့ဖြစ်ပါတယ်၊ နှစ်စတည်းက ဆရာ/ဆရာမတွေ သင်ကြားတဲ့သင်ခန်းစာတွေကို တစ်နေ့စာတစ်နေ့ ပုံမှန်ကျက်တယ်၊ မှတ်သားတယ်၊ တစ်နေ့စာပြီးရင် တစ်ပတ်စာ၊ တစ်လစာကျက်ပါတယ်၊ ဆရာ/ဆရာမတွေက စာမေးပွဲအမြဲတမ်းလုပ်ပေးတဲ့အတွက် အဲဒီအလေ့အကျင့်တွေကနေ ဂုဏ်ထူး(၃)ဘာသာရတယ်လို့ ထင်ပါတယ်၊ (၃) ဘာသာဂုဏ်ထူးရလို့ အရမ်းပျော်ရွှင်ရပါတယ်၊ မှန်းထားတဲ့အတိုင်း ကိုက်ညီမှုရှိပါတယ်။ မျှော်မှန်းထားသလိုဖြစ်ခဲ့ပါတယ်။ ရှေ့ဆက်ပြီးတော့ နည်းပညာတက္ကသိုလ်တက်ဖို့ စီစဉ်ထားပါတယ်။
စိုးစိုးအေး(ပြန်/ဆက်)