စလင်း ဇွန် ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ စည်ပင်သာယာစျေးကြီး အပြင်ရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်နှင့်မုန့်ဆိုင်များအား ဒေသခံပြည်သူများ ဝယ်ယူစားသုံးရာတွင် အန္တရာယ်ကင်းစွာ စိတ်ချယုံကြည်စွာ စားသုံးနိုင်ကြစေရန်အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန. မကွေးတိုင်း (FDA) မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော အစားအသောက် အမှတ်တံဆိပ်ပါကုန်ပစ္စည်းများအား စျေးကွက်အတွင်း ရောင်းချမှုမရှိစေရေး စားသုံးသူရေးရာဦးစီးဌာနမှ ယနေ့နံနက် (၇) နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်း (FDA) ဦးစီးအရာရှိ ဒေါ်ဖူးလှိုင်ညွှန်းဦးနှင့် ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးတင်စိုး၊ စားသုံးသူရေးရာ တာဝန်ခံ ဦးဆန်းလင်းမောင် မြို့နယ်စည်ပင်သာယာဦးစီးဌာနမှ ဒုဦးစီးမှူး ဦးနန်းဦးမောင်နှင့်စျေးတာဝန်ခံ ဦးညီညီစန်းနှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့များက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်းမသင့်သည့်၊ စားသောက်ကုန်ပစ္စည်းများမှ ဓာတုဆေးဝါးသုံးစွဲမှု ရှိ/မရှိ ကုန်ပစ္စည်း (၂၅) မျိုးတို့အား ဓာတ်ခွဲစမ်းသပ်ရန် စျေးကွက်နမူနာကောက်ယူစစ်ဆေးခဲ့ကြောင်း စျေးကွက်အတွင်း ရောင်းချမှုမရှိစေရန် FDA မှ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈) ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်အတူ စျေးကွက်အတွင်း ရောင်းချနေသည့် သရက်ချဥ်၊ နှမ်းဖက်ချဥ်၊ ပိတ်ဆွယ်၊ မျှစ်၊ ငါးအုံးခြောက်၊ ငါးမြင်း(ဆားနယ်) ငါးမြင်းဗိုက်သား၊ ငါးဥ၊ အရောင်တင်၊ ဆနွမ်းမှုန့်၊ လက်ဖက်၊ ငရုပ်သီးမှုန့်၊ မလှိုင်ခဲ၊ အသားတု၊ မုန့်ဖတ်နန်းသေး၊ နန်းလတ်၊ နန်းကြီးတို့အား စျေးကွက်နမူနာကောက်ယူ၍ ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ပြီး အစားအသောက် ကုန်စုံဆိုင်၊ မုန့်ဆိုင်များအား အမှတ်အသား ကုန်အညွှန်းတံဆိပ်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ပြည့်စုံစွာပါရှိစေရေးနှင့် စျေးကွက်အတွင်း စားသုံးရန်မသင့်သည် ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
(မောင်လွင်)စလင်း