ကန့်ဘလူ ဇွန် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre(လူထုအခြေပြုဗဟိုဌာန)ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်နန်းမြင့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရေး၊ စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့်စိတ်များ ပေါ်ပေါက်လာကာ စာပေဖတ်ရှုခြင်းဖြင့် အတွေးအမြင်ဗဟုသုတများ ပိုမိုကြွယ်ဝလာစေရန်၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်စေရန်၊ ထူးချွန်ထက်မြက်သည့်လူငယ်များ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဦးစီးအရာရှိဒေါ်ကြည်ဆန်းက ကျောင်းစာအပြင် ပြင်ပစာပေများဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေးအခေါ်များ ပိုမိုရရှိစေရေး၊ ယဥ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရေး၊ စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်အတိုင်း စာပေဖတ်ရှုခြင်းဖြင့်ယဥ်ကျေးလိမ္မာပြီး အတွေးအခေါ်များမြင့်မားလာကာ ဗဟုသုတကြွယ်ဝလာစေရေးအကြောင်းများ ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသားကျောင်းသူ ၆၀ ဦးပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)