တောင်တွင်းကြီး ဇွန် ၁၄
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း ဒေသခံပြည်သူများ ကျန်းမာရေးအတွက်ဆေးဝါးပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော ဆေးဝါးပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုများမရှိစေရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန ဦးဆောင်၍ ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့တို့က မြို့ပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီး ဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဌာနနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မြို့မစည်ပင်သာယာဈေး၊ ဒက္ခိတစျေးနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဆေးဝါးပစ္စည်းအရောင်းဆိုင်များသို့သွားရောက် ပြီးဆေးဝါးပစ္စည်းများရောင်းချရာ၌ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ၊ FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော ဆေးဝါးပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆေးဆိုင်လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဒေသခံပြည်သူများထံ ဆေးဝါးပစ္စည်းများရောင်းချရာ၌ အခက်အခဲမဖြစ်စေရေးအတွက် သတ်မှတ်ကာလပေါက်ဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ရောင်းချခြင်းမပြုရန် တားမြစ်ထားသောဆေးဝါးပစ္စည်းများကို ဖြန့်ဖြူးရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)