ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းခြင်းအခမ်းအနားကျင်းပ

ကန်ကြီးထောင့် ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုး ထည့်သွင်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ခုံဇင်ကုန်းကျေးရွာအုပ်စု၊ ရာပန်းကုန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းနိုင်စိုးနှင့် ဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် တောင်သူများက တက်ရောက်ခဲ့ကြပြီး ခုံဇင်ကုန်းကျေးရွာအုပ်စု၊ ရာပန်းကုန်းကျေးရွာ၊ ရှမ်းကုန်းကွင်းရှိ ကွင်းအမှတ် ၁၇၀(B)၊ ဦးပိုင်အမှတ် ၉၃၊ တောင်သူ ဦးသက်ဦး၏ လယ်(၂.၅)ဧကရှိ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) အား ထယ်ထိုးထည့်သွင်းခြင်းကို ကြည့်ရှုအားပေးခဲ့ကြ သည်။

လယ်ယာမြေများတွင် ပိုက်ဆံလျှော် စိုက်ပျိုး၍ လယ်မြေအတွင်းသို့ သစ်စိမ်းမြေဩဇာအဖြစ် ထည့်သွင်းခြင်းဖြင့် ဓာတ်မြေသြဇာသုံးစွဲမှုအား လျှော့ချနိုင်ပြီး မြေဆီလွှာ၏ ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိုးကျေးဇူးများရရှိနိုင်ခြင်း၊ အပင်ကြီးထွားမှုမြန်သော အပင်မျိုးဖြစ်ပြီး ပေါင်းပေါက်ရောက်မှုကို ‌လျော့နည်းစေခြင်း၊ မြေဆီလွှာအတွင်းရှိ အကျိုးပြုသက်ရှိများကိုလည်း အသက်ရှင် တိုးပွားစေနိုင်ကြောင်းနှင့် ပိုက်ဆံလျှော်အား သက်တမ်း ၄၅ ရက်သားတွင် မြေအတွင်းသို့ ထည့်သွင်းမြေမြှုပ်ပါက တစ်ဧကလျှင် သစ်စိမ်းမြေသြဇာ (၅)တန်မှ (၇)တန် အထိရရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)