ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ရှမ်းရွာသစ်  ဇွန် ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့်  လူငယ်ရေးရာနှင့်ပတ်သက်သော အကြောင်းအရာများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေးက ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ စာပေဗဟုသုတများ သိုလှောင်ထားသည့် ပညာဘဏ်တိုက် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ပြင်ပစာပေဗဟုသုတများ ရှာဖွေလေ့လာမှတ်သားသည့် အလေ့အကျင့်များရှိစေရန်၊ စာအုပ်စာပေ ဖတ်ရှုလေ့လာခြင်းဖြင့် အသိဉာဏ်ပညာဖွံ့ဖြိုးလာပြီး မိမိနိုင်ငံနှင့် မိမိလူမျိုးများကို အကျိုးပြုနိုင်မည့် လူငယ်လေးများဖြစ်လာစေရန်ရည်ရွယ် ချက်များဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးကလူငယ်နှင့်စာဖတ်ခြင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလွင်က လူငယ်နှင့်ယဉ်ကျေးမှု၊ မီးသတ်ဦးစီးဌာနမှ တာဝန်ခံဦးရီဝင်းက လူငယ်နှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ခေါင်းစဉ်များဖြင့်ကျောင်းသား/သူများအား  အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား/သူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)