ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါးဧက ၆၉၉၄၄ ဧက စိုက်ပျိုးမည်

ပွင့်ဖြူ ဇွန် ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီ၌ စပါးဧက ၆၉၉၄၄ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာ၌ စပါးဧက ၆၉၉၄၄ ဧက စိုက်ပျိုးရန် လျာထားပြီး ဇွန်လကုန်မှ  စက်တင်ဘာလအထိ စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာမှာ ပွင့်ဖြူမြို့နယ်အတွင်း ဆန်စပါးစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်နှင့် တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်ပြီးတော့ တစ်မြို့နယ်လုံး မိုးစပါးဧက ၆၉၉၄၄ ဧက စိုက်ပျိုးရန် လျာထားပြီး ဇူလိုင်လ ပထမပတ်လောက်ကစပြီး စက်တင်ဘာလအထိ စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။ သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာတွေ၊ မျိုးကောင်းမျိုးသန့် ရရှိရေး လုပ်ငန်းတွေကို ပံ့ပိုးကူညီဆောင်ရွက်ပေးပြီး မိုးစပါးတွေ အချိန်မီ စိုက်ပျိုးနိုင်အောင်လည်း ကွင်းဆင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်၌ ယခင်နှစ်က မိုးသီးနှံ စိုက်ပျိုးရာသီတွင် မိုးစပါး ၆၉၉၄၃ ဧက လျာထားစိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ပျိုးပြီးစီးမှု ၆၉၉၄၄ ဧက စိုက်ပျိုးပြီးစီးခဲ့သဖြင့် သတ်မှတ်လျာထားဧက ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ခဲ့ကာ စပါးအထွက်နှုန်းအနေဖြင့် တစ်ဧက ပျမ်းမျှ ၈၆ ဒသမ ၀၅ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် ဆန်စပါး စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် သီးနှံဝင်ငွေ ရရှိစေရန်အတွက် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင်လည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စပါးဧက ၆၉၉၄၄ ဧက လျာထားစိုက်ပျိုးသွားမည် ဖြစ်ကာ တောင်သူများ သီးနှံအထွက်နှုန်း ကောင်းမွန်ရန် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်း ၊ ပိုးမွှားကျရောက်မှု ကင်းထောက်ခြင်း၊ တမန်းနှိုးပေါင်းထိုးခြင်း၊ မျိုးကွဲနုတ်ပယ်ခြင်း၊ စိုက်ပျိုးရေး သွင်းအားစု စနစ်တကျသုံးစွဲခြင်း စသည့် စိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေးလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက သက်ဆိုင်ရာ နယ်မြေအလိုက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)