ပြည်တက္ကသိုလ်ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် အားကစားသင်တန်းများ ဖွင့်ပွဲကျင်းပ

ပြည် ဇွန် ၁၄

ပြည်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းနေပျော်၍ အချင်းချင်းချစ်ခင်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုစိတ်ဓာတ်ကောင်းများ တိုးပွားရရှိလာစေရန်၊ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် အမိတက္ကသိုလ်နှင့် နိုင်ငံ့ဂုဏ်ဆောင်ထူးချွန်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြည်တက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်(ဒုတိယပညာသင်ကာလ) "ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် အားကစားသင်တန်းများ" ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ၃ နာရီက ယင်းတက္ကသိုလ်အားကစားရုံ၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ဦးစွာပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်က အမှာစကားပြောကြားပြီး ပြိုင်ပွဲများနှင့် သင်တန်းများကို စတင်ဖွင့်လှစ်ပေးသည်။ ယင်းနောက်ပြည်တက္ကသိုလ် အားကစားဌာနမှ အားကစားမှူးနှင့်ဘာသာရပ်ပေါင်းစုံ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး သင်္ချာဘာသာရပ်အသင်းနှင့် အရှေ့တိုင်းပညာဘာသာရပ်အသင်းတို့၏ အမျိုးသားပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ စတင်ကျင်းပရာ ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးကြသည်။

အဆိုပါ ပြည်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံပြိုင်ပွဲများနှင့် သင်တန်းများကျင်းပ/ဖွင့်လှစ်ရာတွင် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲအပါအဝင် အမျိုးသားဘောလုံးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီးဘော်လီဘောနှင့် ကြက်တောင်ရိုက်အားကစားပြိုင်ပွဲများကို ယခုလ ၁၃ ရက်မှ ၁၉ ရက်အထိ ရက်သတ္တပတ်ကြာကျင်းပမည်ဖြစ်ပြီး ထို့အတူ မြန်မာ့ရိုးရာခြင်းလုံးနှင့် ဂျူဒိုအားကစားသင်တန်းများကိုလည်း ဇွန် ၁၃ ရက်မှ ၂၂ ရက်အထိ ၁၀ ရက်ကြာဖွင့်လှစ်မည်ဖြစ်ကာ ပြိုင်ပွဲများ၏ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲများ၊ သင်တန်းများ၏ သင်တန်းဆင်းပွဲများကိုလည်း သတ်မှတ်ရက်တွင် ကျင်းပပေးမည်ဖြစ်ကြောင်းနှင့် ယနေ့ဖွင့်ပွဲအခမ်းအနားသို့ ပြည်တက္ကသိုလ်မှပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံပါမောက္ခဌာနမှူးများ၊ ဘာသာရပ်ပေါင်းစုံမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးကြကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)