နတ်မောက် ဇွန် ၁၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တံခွန်တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာ၌ ကျေးလက်နေအမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားအား တံခွန်တိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။
ရှေးဦးစွာ မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးမှ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမြို့နယ် ဦးစီးမှူးဦးဝင်းနိုင်ဦးက သင်တန်းသူများ အနေဖြင့် သင်တန်းတက်ရောက်ပြီးပါက သင်တန်းမှရရှိသည့် အတတ်ပညာများအား လက်တွေ့ပြန်လည်အသုံးချရန်၊ အဆင့်မြင့်စက်ချုပ်ပညာရပ်များအထိ လေ့လာကြရန်နှင့် မိသားစုဝင်ငွေတိုးပွားရေး စက်ချုပ်ပညာရပ်များဖြင့် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသူများကို သင်တန်းထူးချွန်ဆုနှင့် သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းအား တံခွန်တိုင်ကျေးရွာရှိ သင်တန်းသူ (၂၅) ဦး တက်ရောက်ပြီး သင်တန်းတွင် အခြေခံစက်ချုပ်နည်းအမျိုးမျိုး၊ အမျိုးသမီးဝတ်ရင့်စေ့/ရင်ဖုံး၊ အမျိုးသားဝတ်ရှပ်လက်တို/ရှပ်လက်ရှည်၊ ကလေးဝတ်အင်္ကျီ၊ ကလေးဝတ်ဘောင်းဘီနှင့်ကလေးဝတ်ဂါဝန် ချုပ်ပုံအမျိုးမျိုးတို့ကို ကျွမ်းကျင်ဆရာမများက စာတွေ့၊ လက်တွေ့ဖြင့် (၁၅.၅.၂၀၂၄) ရက်နေ့မှ (၁၃.၆.၂၀၂၄) ရက်နေ့ထိ အခမဲ့သင်ကြားပို့ချပေးခဲ့ကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦး ပြောပြ၍ သိရသည်။
မူမူစန်း