စလင်းမြို့နယ်၌ လူကုန်ကူးမှုကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်

စလင်း ဇွန် ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ  မိုးလုံလေလုံအားကစားခန်းမဆောင်အတွင်း၌  အခြေခံပညာဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီ ၄၅ အချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသားလူငယ်မောင်မယ်များအား ကျောင်းစာအပြင် ပြင်ပဗဟုသုတအသိပညာ အတတ်ပညာများရရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ  ကွင်းဆင်းဟောပြောရာတွင် စလင်းမြို့နယ် အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်နန္ဒာဝင်းတက်ရောက်ခဲ့ပြီး ကျောင်းသားလူငယ်မောင်မယ်များအား လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဒုမြို့နယ်ဥပဒေအရာရှိ ဦးသက်လင်းဦးက လူကုန်ကူးခြင်း၏အဓိပ္ပါယ်၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် လူကုန်ကူးမှုအမျိုးအစားများကို ကျောင်းသား၊ကျောင်းသူလူငယ်များအား လူကုန်ကူးမှုပြစ်ဒဏ်အမျိုးမျိုးတို့ကို ရှင်းလင်းပြောကြားသည် ပြစ်မှုပြစ်ဒဏ်များမှာ အမျိုးသမီးနှင့်ကလေးသူငယ်များအပေါ် လူကုန်ကူးမှုကျူးလွန်ပါက အနည်းဆုံးထောင်ဒဏ်(၁၀)နှစ်မှ၊ ထောင်ဒဏ်တစ်သက်အပြင်၊ ငွေဒဏ်(ပုဒ်မ-ပုဒ်မ၃၅)၊ အမျိုးသမီးနှင့်ကလေးသူငယ်များမှအပ အခြားသူတစ်ဦးဦးကို လူကုန်ကူးမှုကျူးလွန်ပါက အနည်းဆုံးထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အပြင် ငွေဒဏ်၊ ပုဒ်မ-ငွေဒဏ်၊ ပုဒ်မ ၃၆၊ အမျိုးသမီးနှင့်ကလေးသူငယ်များအပေါ် ဂိုဏ်းဖွဲ့ကျူးလွန်ပါက အနည်းဆုံးထောင်ဒဏ် ၂၀ နှစ်မှ ထောင်ဒဏ်တစ်သက်အပြင်ငွေဒဏ်၊ အမျိုးသမီးနှင့်ကလေးသူငယ်များမှအပ အခြားသူအပေါ်  ဂိုဏ်းဖွဲ့ကျူးလွန်ပါက ထောင်ဒဏ် ၁၀နှစ်မှ၂၀နှစ်အပြင် ငွေဒဏ်(ပုဒ်မ-ပုဒ်မ၃၀)၊ လူကုန်ကူးမှုကျူးလွန်ရန်ပြည်ပ(သို့မဟုတ်) ပြည်တွင်းသို့ဝင်ရောက်(သို့မဟုတ်) ထွက်ခွာရန် စာရွက်စာတမ်းအတုပြုလုပ်ပါက အနည်းဆုံးထောင်ဒဏ်(၃နှစ်မှ၇နှစ်)အပြင် ငွေဒဏ်(ပုဒ်မ-ပုဒ်မ၃၇)စသည်ဖြင့် လူကုန်ကူးမှုကာကွယ်ရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ အမျိုးသမီးရေးရာဥက္ကဋ္ဌဒေါ်နန္ဒာဝင်း၊ ကျောင်းအုပ်ဆရာကြီး  ဦးအောင်မြင့်ထွန်းနှင့်ဆရာ၊ ဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကာ ကျောင်းသား၊ ကျောင်းသူလူငယ်များအား တရားဥပဒေစိုးမိုးရေးနှင့်တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှထုတ်ဝေသည့် လူကုန်ကူးမှုကာကွယ်ရေးဆိုင်ရာအသိပညာပေး  လက်ကမ်းစာစောင်များကိုဖြန့်ဝေခဲ့ကြောင်း သိရသည်။

(မောင်လွင်)စလင်း