ပေါင်းတည် ဇွန် ၁၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ (ပေါက်တန်း) ၌ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားကျင်းပပြုလုပ်သည်။
ဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်နော်ဆဲပွယ်ဖောက လူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးအောင်ဆောင်ရွက်ရေး၊ စာဖတ်ရှိန်မြှင့်တင်စေရေးတို့ကို အကျယ်တဝင့် တက်ရောက်အမှာစကား ပြောကြားသည်။
ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးဆုစံက လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ စာဖတ်ခြင်း အကျိုးကျေးဇူးအကြောင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးနိုင်ဝင်းသိန်းက စားသုံးရန်မသင့်သော အစားအစားများ အကြောင်းတို့ကို အသိပညာပေးဟောပြောကြကာ ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်မေးမြန်းခြင်း၊ ဖြေဆိုခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ရုပ်ပုံပါစာအုပ်ဖြင့် ပူးပေါင်းမှုအကျိုးရလာဒ်ကို ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ပုံဖော်သရုပ်ပြသခြင်း၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်မှူး ဒုတိယဦးစီးမှူး ဒေါ်ဝင်းမြသန်းက အသိပညာပေး စက္ကူပြဇာတ်ပြသခြင်း၊ ရွေ့လျားစာကြည့်တိုက်ယာဉ်ပေါ်မှ အသိပညာပေးစာအုပ်များကို ဖတ်ရှုလေ့လာစေခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှု အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာကြီး ဦးထွန်းထွန်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
ရွှေသား( ပြန်/ဆက်)