ဟင်္သာတ ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်ကျေးရွာ အထက်တန်းကျောင်း၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့က နိဗ္ဗာန်အထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်/ပြန်ဆက်ဦးစီးမှုး ဒေါ်ခင်စန္ဒာဆွေက အစီစဉ်ညွှန်ကြားရေးမှုးအဖြစ် ဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်မူးယစ်ဆေးဝါး စသည့်ခေါင်းစဉ်များဖြင့် အသီးသီး ပါဝင်ဆွေးနွေးခဲ့ပါသည်။
အဆိုပါ လူငယ်စကားဝိုင်းများကို ကျင်းပရခြင်းမှာ ယနေ့လူငယ်များ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စာပေအသိပညာဗဟုသုတများရရှိစေရန်၊ စာပေလေ့လာဖတ်ရှုစေခြင်းဖြင့် အသိပညာများမျှဝေပေးနိုင်ရန်၊ အချင်းချင်း ပူးပေါင်းညှိနှိုင်း တိုင်ပင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စကားပြောစွမ်းရည် တိုးတက်လာစေရန်၊ စာကြည့်တိုက်များကို အသုံးချတတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး စာဖတ်ရှိန်တိုးတက်မြင့်မားရေးတို့ကို ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း ခရိုင် ပြန်/ဆက်ဦးစီးမှူးက ပြောကြားခဲ့ပြီး၊ ဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာသော ကျောင်းသား/သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြရာ စကားဝိုင်းဦးဆောင်ဆွေးနွေးသူများနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။
ထို့နောက် အခမ်းအနားအပြီးတွင် ကျောင်းသား/သူများက ခရိုင်/ပြန်ဆက်ဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအသိပညာပေး နံရံကပ်စာစောင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်တို့ကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)