မြိတ်မြို့တွင် မိုးစပါးစိုက်ဧက(၁၅၃၈)အတွက် မြစိမ်းရောင်(သမဝါယမကဏ္ဍ)မှ တောင်သူများအား ကျပ်(၃၀၇.၆)သန်းနှင့် ညီမျှသော သွင်းအားစု/မျိုးစပါးများ မတည်ထုတ်ချေးပေး

မြိတ် ဇွန် ၁၄

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအစီအစဉ်ဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းမြစိမ်းရောင် (သမဝါယမကဏ္ဍ)မှ မြိတ်မြို့နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများအား မိုးစပါးစိုက်ဧက(၁၅၃၈)ဧကအတွက် မြို့နယ်သမဝါယမဦးစီး ဌာနမှ တစ်ဧကအထွက်နှုန်းတိုးတက်စေရန် ငွေကျပ် (၃၀၇.၆)သန်းနှင့်ညီမျှသော သွင်းအားစုများနှင့် မျိုးစပါးများကို ယမန်နေ့နေ့လယ်ပိုင်းက  မြို့နယ်သမဝါယမအသင်းစုရုံးတွင် မတည်ထုတ်ချေးပေးအပ်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအစီအစဉ်မှ မိုးစပါးစိုက်ပျိုးရေးစီမံကိန်းမြစိမ်းရောင်(သမဝါယမကဏ္ဍ)အနေဖြင့် ကျပ်သန်း(၃ဝ၇.၆)နှင့်ညီမျှသော မျိုးစပါးတင်း(၄၆၀)၊ ကွန်ပေါင်းဓါတ်မြေဩဇာ (၁၁၇၀)အိတ်၊ သဘာဝမြေဩဇာ(၁၂၀၃)အိတ်နှင့် ပုလဲဓါတ်မြေဩဇာ(၇၇၃)အိတ်တို့ကို မြိတ်မြို့နယ်အတွင်းရှိ လယ်ဧက(၁၅၃၈)အတွက် အသင်းသားတောင်သူ စုစုပေါင်း (၂၃၆)ဦးအား တစ်ဧက အထွက်နှုန်းတိုးတက်စေရန် လယ်တစ်ဧက(၂)သိန်းကျပ်နှုန်းတန်ဖိုးရှိ သွင်းအားစုများနှင့် မျိုးစပါးများကို မတည်ထုတ်ချေးပေးခြင်းဖြစ်သည်။

သွင်းအားများ မတည်ထုတ်ချေးပေးအပ်ရာ၌ မြို့နယ်မိုးစပါးစိုက်ပျိုးရေးစီမံကိန်း(မြစိမ်းရောင်)ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးအာကာအောင်က  အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်စမ်းစမ်းမိုးက အသင်းသား တောင်သူများအား သွင်းအားစုများနှင့် မျိုးစပါးများ ထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးလှကြည်က အသင်းသားများ စပါးအထွက်နှုန်းတိုးတက်စေရန် မတည်ထုတ် ချေးပေးခြင်းဖြစ်သည့်အတွက် စနစ်တကျဆောင်ရွက်ကြရန် ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မတည်ထောက်ပံ့မှုရရှိသော မြို့နယ်အတွင်းရှိ သမဝါယမအသင်း (၈) သင်းမှ အသင်းသားတောင်သူ(၂၃၆)ဦး၏ စိုက်ဧက (၁၅၃၈)အတွက်  မိုးစပါး စိုက်ပျိုးရေး စီမံကိန်းမြစိမ်းရောင် (သမဝါယမကဏ္ဍ)မှ ကျပ် (၃၀၇.၆) သန်းနှင့်ညီမျှသော မျိုးစပါး၊ သွင်းအားစုများကို မြို့နယ်မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) ကြီးကြပ်မှုကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့ကြရာအသင်းသား တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)