ကန့်ဘလူမြို့၌ Book Club အသင်းနှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ

ကန့်ဘလူ ဇွန် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် ကောင်းစံသာ(ရေကြည်)ရေးသားသည့် “လူငယ်လမ်းညွှန် စာစုများ(၁)”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊ စာပေမှတစ်ဆင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် Book Club အသင်းမှ အဖွဲ့ဝင်များက ကောင်းစံသာ(ရေကြည်)၏ “လူငယ်နှင့်သင်ယူခြင်း” ဆောင်းပါးအား ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခြင်းဖြင့် စာပေကို စိတ်ဝင်စားမှုရှိလာစေရန်၊ အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)