ကန်ကြီးထောင့် ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက ညောင်ကုန်းကျေးရွာအုပ်စု၊ ကံစုကျေးရွာရှိ ရွှေကန်ရာမဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် ကန်ကြီးထောင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲနိုင်လွင်၊ အတွင်းရေးမှူး ရဲမှူးစိုးကြည်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသခံပြည်သူများအား နိုင်ငံတော်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ လုံခြုံရေး၊ ပညာရေးဆိုင်ရာကိစ္စရပ်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ ရပ်ရွာပြည်သူ့လုံခြုံရေးအဖွဲ့နှင့်ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များဆောင်ရွက်နိုင်ရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ ဆိုင်ကယ်စီးနင်းပါက ဆိုင်ကယ်ဦးထုပ်ဆောင်းစေရေး၊ မိမိတို့နေအိမ်အလိုက် သန့်ရှင်းရေးများဆောင်ရွက်ရေး၊ Clean City ၊ Green City ၊ Smart City ဖြစ်အောင် ပူးပေါင်းဆောင်ရွက်ကြစေရေး၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းဖွင့်ချိန်တွင် လုံခြုံစိတ်ချစွာဖြင့် ကျောင်းသို့ရောက်ရှိစေရေးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပြီး သက်ဆိုင်ရာလက်ကမ်းစာစောင်များအား လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြရာ ညောင်းကုန်းကျေးရွာအုပ်စုနှင့် ပျဉ်မငူကျေးရွာအုပ်စုရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး/ဆယ်အိမ်မှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ထို့နောက် ကျေးရွာနေပြည်သူများက သိရှိလိုသည်များကိုမေးမြန်းခြင်းနှင့် ရပ်ရွာအတွင်းဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား တင်ပြလာမှုအပေါ် သက်ဆိုင်ရာဌာနများမှ နယ်မြေကွင်းဆင်းစိစစ်၍ ဘတ်ဂျက်အလိုက်၊ ဘဏ္ဍာနှစ်အလိုက် ဦးစားပေးအစီအစဉ်များရေးဆွဲကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)