ဒေးဒရဲ ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများတိုးပွားစေရန်နှင့် စာပေမှရသောအသိအမြင်ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ဇွန်လ(၁၂)ရက်နေ့ ညနေ(၃)နာရီက ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှုး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “ရဲဝံ့တဲ့သူ အောင်ပွဲယူ” စာအုပ်ပါ “ငယ်ငယ်ရွယ်ရွယ်လည်းအောင်မြင်နိုင်တာပါပဲ” ဆောင်းပါးနှင့် “ပျော်ပျော်ကြီး ရင်ဆိုင်စမ်းပါ” ဆောင်းပါးကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော စာပေချစ်သူများက ဆွေးနွေးကြရာတွင် စိတ်အားထက်သန်စွာဖြင့် စွဲစွဲမြဲမြဲရည်မှန်းချက်ထားပြီး ကြိုးစားအားထုတ်ပါက ဘယ်အရာမဆို အောင်မြင်မှာဖြစ်ပါကြောင်းနှင့် လောကဓံအကောင်းအဆိုးအမျိုးမျိုးတွေကြုံလာလျှင် မတုန်လှုပ်ဘဲ ရဲရဲရင်ဆိုင်ကျော်ဖြတ်နိုင်ရမှာဖြစ်ပါကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိစေရေး၊ စာပေဖတ်ရှုမှုတိုးပွားလာစေရေး၊ စာဖတ်ဝိုင်းမျာ၊ အသိပညာပေးဟောပြောပွဲများ၊ Talk Show များ ကျင်းပခြင်းနှင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များငှားရမ်းခြင်းကို အပတ်စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း