မုံရွာ ဇွန် ၁၄
၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲကို ဇွန်လ(၁၂)ရက်နေ့ နံနက် ၉နာရီခွဲက မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ JLPC / NPT သစ်ပါးလွှာစက်ရုံတွင်လည်းကောင်း၊ နံနက် ၁၁ နာရီတွင် မုံရွာမြို့၊ ရုံးကြီးရပ်ကွက်ရှိ AQUA PUPA Company Limited ရေသန့်စင်ရေးနှင့် ရေပေးဝေရေးလုပ်ငန်းတို့တွင် အသိပညာပေးဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးစစ်ဆေးရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးဦးမျိုးမင်းထွန်းက မြန်မာနိုင်ငံရှိ ကလေးဦးရေနှင့် ကလေးအလုပ်သမား၊ ကလေးအလုပ်သမားအဓိပ္ပါယ်၊ အလုပ်လုပ်သောကလေးသူငယ်နှင့် ကလေးအလုပ်သမားဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ခရိုင်စစ်ဆေးရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ငြိမ်းငြိမ်းတိုးက ကလေးအလုပ်သမားဖြစ်ပေါ်စေသည့် အကြောင်းအရာများ၊ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေနှင့် ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့်အလုပ်ဌာနများဥပဒေပါ ကလေးအလုပ်သမားနှင့်ပတ်သက်သည့် ကိစ္စများကိုလည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာကြသူများက ဆွေးနွေးချက်များအပေါ် သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဟောပြောပွဲသို့ JLPC / NPT သစ်ပါးလွှာစက်ရုံနှင့် AQUA PUPA Company Limited ရေသန့်စင်ရေးနှင့်ရေပေးဝေရေးလုပ်ငန်းတို့မှ ဝန်ထမ်း (၄၈) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
တိုင်းဒေသကြီးပြန်/ဆက်