မုံရွာ ဇွန် ၁၃
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သည့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ အခြေခံကွန်ပျူတာသင်တန်း(၄/၂၀၂၄)နှင့် တိုင်းဒေသကြီးအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား/သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည့် ယနေ့ကမ္ဘာကြီးတွင် လူငယ်မောင်မယ်များအနေဖြင့် မိမိတို့၏ ဘဝတက်လမ်းအတွက် အရည်အချင်းများ အစဉ်တိုးတက်နေအောင် လေ့လာသင်ယူနေကြရမှာဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် သင်ယူတတ်မြောက်ထားရမည့် အခြေခံကျွမ်းကျင်မှုများအပြင် အနာဂတ်အတွက် မျှော်မှန်းပြီး လုပ်ငန်းခွင်တွင် ကျွမ်းကျင်စွာလုပ်ကိုင်နိုင်ရန်နှင့် လုပ်ငန်းခွင်တိုင်းတွင် အသစ်အသစ်ပေါ်ထွန်းလာသည့် နည်းပညာရပ်များအား စဉ်ဆက်မပြတ် လေ့လာနေရန်လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်း ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ လူစွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် ဘက်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
ယနေ့ဖွင့်လှစ်သည့် ကွန်ပျူတာသင်တန်းနှင့် စက်ချုပ်သင်တန်းတွင် တက်ရောက်ကြမည့် သင်တန်းသား/ သူများအနေဖြင့် လူငယ်ဘဝမှ သင်ယူသင့် သင်ယူထိုက်သည်များအား သင်ယူတတ်မြောက်ကြမှသာလျှင် အရည်အချင်းရှိသည့် လူငယ်တွေဖြစ်လာကြမှာဖြစ်ပါကြောင်း၊ အရည်အချင်းရှိမှသာလျှင် မိမိအကျိုး၊ မိမိပတ်ဝန်းကျင်အကျိုး၊ မိမိနိုင်ငံ၏အကျိုးအား သယ်ပိုးထမ်းရွက်နိုင်ပြီး စွမ်းရည်ပြည့်ဝသည့် လူချွန်လူမွန်ကောင်းများဖြစ်လာမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယကမှ အခြေခံကွန်ပျူတာသင်တန်းနှင့် အဆင့်မြှင့်စက်ချုပ်သင်တန်းများမှ သင်တန်းသူများထံ သင်ထောက်ကူပစ္စည်းများအား ပေးအပ်ကာ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးထံ တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၆ ခရိုင်တွင် အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ်(၄/၂၀၂၄) သင်တန်းများဖွင့်လှစ်နိုင်ရေးအတွက် ငွေကျပ်-၁၀၇၅၀၀၀(တစ်ဆယ်သိန်းခုနှစ်သောင်းငါးထောင်) ကျပ်အားလည်းကောင်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးထံ အဆင့်မြှင့်စက်ချုပ်သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ငွေကျပ်- ၁၉၉၈၀၀၀ (တစ်ဆယ်ကိုးသိန်းကိုးသောင်းရှစ်ထောင်)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)