ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ဟားခါး ဇွန် ၁၃

တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ စစ်ဗျူဟာအခြေချ(ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်းထွန်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ခလရ ( ၂၆၆ ) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အေးသန့်နှင့် တပ်မတော်သားများ၊ ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီး စိုးလွင်မိုးနှင့် ရဲတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်အတွင်း တာဝန်ထမ်းဆောင်ရင်း ကျဆုံး၊ ဒဏ်ရာရရှိသည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို ချင်းပြည်နယ်အစိုးရအဖွဲ့၏ သာမန်အသုံးစရိတ်များမှ ရန်ပုံငွေလုံလောက်မှုအပေါ် မူတည်၍ ထောက်ပံ့ပေးလျက်ရှိသကဲ့သို့ လုံခြုံရေးနှင့်သက်ဆိုင်သည့် ပစ္စည်းများကိုလည်း ဝယ်ယူဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ထို့အတူ ရှေ့တန်းလုံခြုံရေးတာဝန်ထမ်းဆောင်သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို အခြေခံစားသောက်ကုန်များ အလျဉ်းသင့်သလို အစဉ်အမြဲထောက်ပံ့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ချင်းပြည်နယ်၏ လက်ရှိအခြေအနေအရ လူပုဂ္ဂိုလ်လုံခြုံရေး၊ ရုံး/ဌာနလုံခြုံရေးအတွက် ကြိုးစားဆောင်ရွက်ပေးကြသည့် တပ်ဖွဲ့ဝင်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူလူထုနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာလုံခြုံရေး ပိုမိုကောင်းမွန်စေရန်အတွက် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ရန်ပုံငွေ လုံလောက်မှုအခြေအနေအပေါ် မူတည်၍ နောင်တွင်လည်း အခြေခံစားသောက်ကုန်များ ထောက်ပံ့နိုင်ရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး တပ်မတော်သားများကိုယ်စား စစ်ဗျူဟာအခြေချ(ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်းထွန်း ကလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များကိုယ်စား ရဲမှူးကြီး စိုးလွင်မိုးကလည်းကောင်း လက်ခံရယူကြရာ စစ်ဗျူဟာအခြေချ(ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်းထွန်းနှင့် ရဲမှူးကြီး စိုးလွင်မိုးတို့က တပ်ဖွဲ့ဝင်များကိုယ်စား ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားအောင်မြင်စွာ ရုပ်သိမ်းကာ ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)