ကျောင်းသား ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေး နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ​​စောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

သဲကုန်း ဇွန် ၁၃

ပဲခူးတိုင်းဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ယနေ့နေ့လယ်(၁)နာရီအချိန်က နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးခြင်း၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို အခြေခံပညာမူလတန်းကျောင်း(မကျီးဇင်)၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို ဗဟုသုတရရှိရေးအတွက် ငှားရမ်းဖတ်ရှုလေ့လာသော အလေ့အကျင့်ကောင်းများရှိစေရန်၊ ပြန်​​ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ​သုတ၊ ရသ စာအုပ်စာစောင်မျိုးစုံများ စီစဉ်ထားရှိကြောင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်စဥ်ကပင် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ ဗလငါးတန်ပြည့်စုံကြွယ်ဝ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်သော ကျောင်းသား/ကျောင်းသူများဖြစ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေရန် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စက္ကူပြဇာတ်ဖြင့် ပုံပြင်ပြောခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို သုတ၊ ရသစာအုပ်စာစောင်များ ဖတ်ရှုစေပြီး ခင်းကျင်းပြသထားသော လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်အား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)