တောင်ငူမြို့ရှိ ထင်ရှားကျော်ကြားသည့် "ပဒေသာကော်ဖီမှုန့်" တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းရှင် ဒေါ်အေးချမ်းကိုကိုနှင့် တွေ့ဆုံမေးမြန်း

မေး။ ဟုတ်ကဲ့အစ်မနာမည်လေးနဲ့ မိတ်ဆက်ပေးပါဦးခင်ဗျာ။

ဖြေ။ အစ်မနာမည်က အေးချမ်းကိုကိုပါ။

မေး။ အစ်မဒီဆိုင်လေးက ဘယ်ရပ်ကွက်မှာ တည်ရှိတာလည်းခင်ဗျာ။

ဖြေ။ ဒီပဒေသာကော်ဖီမှုန့်ဆိုင်လေးက တောင်ငူမြို့၊ (၁၆) ရပ်ကွက်၊ ဗိုလ်မှူးဖိုးကွန်းလမ်းပေါ်မှာ တည်ရှိတာပါ။

မေး။ ဟုတ်ကဲ့အစ်မ ဒီဆိုင်လေးကို ဘယ်တုန်းကစပြီး ဖွင့်လှစ်ခဲ့တာလည်းခင်ဗျာ။

ဖြေ။ ဒီပဒေသာကော်ဖီမှုန့်ဆိုင်လေးကို အစ်မတို့အဘိုးအဘွားတွေ လက်ထက်ကပေါ့နော်။ စပြီးဖွင့်လှစ်ခဲ့တာ နှစ်ပေါင်း (၆၀) ကျော်လောက်တော့ရှိပြီပေါ့။

မေး။ ဟုတ်ကဲ့ အစ်မက မိဘအမွေကိုလက်ဆင့်ကမ်းခဲ့တာပေါ့နော်။ ဒီလိုလက်ဆင့်ကမ်းတဲ့အခါ တစ်ချို့ကျတော့ လက်ဆင့်ကမ်းပြီး ထိန်းသိမ်းတဲ့သူလည်းရှိတယ်။ ဆက်လက်ပြီး မထိန်းသိမ်းနိုင်တော့တဲ့သူတွေလည်းရှိတယ်။ အစ်မအနေနဲ့ပေါ့နော်။ ဒီလုပ်ငန်းကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဘယ်လိုမျိုး ဆက်လက်ပြီးထိန်းသိမ်းဖြစ်တယ်ဆိုတဲ့ အကြောင်းအရာလေးကို ပြောပြပေးပါဦးခင်ဗျာ။

ဖြေ။ အစ်မတို့ကတော့ ဟိုးအရင်ထဲက အဘိုးအဘွားတွေလက်ထက် အဖေပြီးတော့ အစ်မလက်ထက်ပေါ့။ ဒီလုပ်ငန်း ဒီနာမည်ကိုပဲ မပျောက်ပျက်အောင် အစ်မက ဆက်လက်ပြီး လုပ်ဆောင်သွားရမှာပေါ့နော်။ တောင်ငူမြို့မှာဆိုရင်လည်း ထွက်ကုန်တွေအမျိုးမျိုးရှိတာပေါ့နော်။ အဲဒီထဲက ဒီကော်ဖီမှုန့်လုပ်ငန်းကိုပဲ အရောအနှောမပါတဲ့ ကော်ဖီစေ့အစစ်ကိုပဲ အစ်မတို့က လုပ်တာပေါ့နော်။

မေး။ ဒီမှာဆိုရင်ပေါ့ ထုပ်ပိုးမှုစနစ်ပေါ့နော်။ တစ်ချို့ဆိုရင် ပလတ်စတစ်အိတ်တွေ သုံးကြတာပေါ့။ အစ်မတို့ဆီမှာကြတော့ စက္ကူတွေကိုပဲ အသုံးပြုပြီး ထုပ်ပိုးထားတာတွေ့ရပါတယ်။ ဒီစက္ကူနဲ့ထုပ်ပိုးရတဲ့ ရည်ရွယ်ချက်လေးကို ပြောပြပေးပါဦးခင်ဗျာ။

ဖြေ။ ဒါကတော့ သူများတွေက ခေတ်နဲ့အညီ ပြောင်းတယ်ပေါ့နော်။ အစ်မတို့ကျတော့ သဘာဝလည်းဖြစ်တယ်။ ကော်ဖီမှုန့်ဆိုတော့ ဘာပဲပြောပြော စက္ကူလေးနဲ့ဆိုတော့ အများကလည်း ဒီစက္ကူနဲ့ပဲသိကြတယ်။ ပလတ်စတစ်နဲ့ဆိုရင် သိပ်မသိကြဘူး။ အဲ့တော့ အစ်မအလှည့်ကျတော့လည်း ရောင်းနေသရွေ့တော့ ဒီစက္ကူနဲ့ပဲ အစ်မတို့ကလုပ်မှာ။ ဒီစက္ကူနဲ့ဆိုရင် ပဒေသာကော်ဖီမှုန့်ဆိုတာ လူတွေကသိကြတယ်။ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်တော့ ဒီစက္ကူကိုပဲ ဆက်ပြီးသုံးသွားမှာပါ။

မေး။ ဟုတ်ကဲ့အစ်မ ဒီမှာဆိုရင် ကျွန်တော်တွေ့လိုက်တယ်။ စျေးဝယ်တစ်ယောက်လာတဲ့အချိန် ကော်ဖီမှုန့်ကို ကိုယ်တိုင်ကြိတ်ပြီး ထုပ်ပိုးပေးလိုက်တာ တွေ့လိုက်တယ်။ ဒါဆိုရင် အစ်မတို့ဆိုင်မှာကျတော့ ထုပ်ပိုးထားတာကိုရောင်းတာလား။ ကိုယ်တိုင်ဝယ်ယူသူလာမှ ဒါမျိုးလုပ်ပေးတာလား။ ဘယ်လိုမျိုးတွေ ဝန်ဆောင်မှုပေးလည်းဆိုတာ ပြောပြပေးပါဦးခင်ဗျာ။

ဖြေ။ အစ်မတို့ကတော့ ဒီမှာကျတော့ နှစ်မျိုးနှစ်စားပေါ့နော်။ ထုပ်ထားတာလည်းရှိတယ်။ တချို့ဆိုရင် ကြိတ်ပြီးသားသက်သက် ဝယ်ချင်တဲ့သူလည်းရှိတယ်။ ဝယ်ယူသူစိတ်ကြိုက် လုပ်ပေးတာပေါ့။ အခုလာမှ ထုပ်ပေးဆိုလည်းထုပ်ပေးလိုက်တယ်။ တစ်ချို့ကျတော့လည်း အချိန်မရတာနဲ့ ဘာနဲ့ဆိုရင် ထုပ်ပြီးသားရှိတယ်။ အတူတူပဲလေ အဲဒါပဲယူသွားတယ်။ တစ်ချို့ကျတော့လည်း ပူပူနွေးနွေးလေးလိုချင်တယ်ဆိုရင်လည်း လျှပ်စစ်မီးလာရင် ကြိတ်ပြီးတော့ တခါထဲထုပ်ပေးလိုက်တယ်။ စျေးဝယ်လာတဲ့အခါမှာ သူတို့စိတ်ကြိုက်လုပ်ပေးလိုက်တယ်။

မေး။ ဟုတ်ကဲ့အစ်မ ဒီမှာဆိုရင် ကော်ဖီမှုန့်ရောင်းတဲ့အခါ ဂရမ်အချိန်နဲ့ ရောင်းတာလား။ အလေးချိန်နဲ့ ရောင်းတာလားခင်ဗျာ။

ဖြေ။ အလေးချိန်နဲ့ ရောင်းတာပါ မောင်လေး။

မေး။ အလေးချိန်နဲ့ ရောင်းတော့ ဘယ်လိုမျိုး စျေးနှုန်းလေးတွေ သတ်မှတ်ထားတာလည်းခင်ဗျာ။

ဖြေ။ အလေးချိန်နဲ့ကျတော့ အခုလောလောဆယ် အစ်မတို့က တစ်ဆယ်သားကို (၅၀၀၀) ကျပ်၊ တစ်ပိဿာကို (၅၀၀၀၀) ကျပ်နဲ့ ရောင်းပါတယ်။

မေး။ ဒီပဒေသာကော်ဖီမှုန့်ဆိုင်မှာဆိုရင် ဘယ်လောက်ကနေစပြီး အနည်းဆုံးစပြီး ဝယ်ယူလို့ရလည်းခင်ဗျာ။

ဖြေ။ လက်လီဆိုရင်တော့ အစားစားပေါ့နော်။ (၅) ကျပ်သားကစပြီး ဝယ်လို့ရတယ်။ နယ်အဝေးတွေပို့ပေးမယ်ဆိုရင်တော့ (၁) ပိဿာကစပြီး ပို့ပေးတယ်။

မေး။ ဒီပဒေသာ ကော်ဖီမှုန့်ဆိုင်ကပေါ့နော်။ စျေးကွက်ထဲမှာ ဖြန့်တာတွေဘာတွေ ရှိတာပေါ့နော်။ ဒါဆိုရင် ဘယ်မြို့နယ်တွေ၊ ဘယ်တိုင်းနဲ့ ပြည်နယ်တွေမှာ ဖြန့်ကျက်ထားလည်းဆိုတာ ပြောပြပေးပါဦးခင်ဗျာ။

ဖြေ။ ဖြန့်ကျက်ထားတာကတော့ နေရာအစုံရှိတယ်။ နေပြည်တော်လည်းရှိတာပေါ့နော်။ အဝေးဆုံးကတော့ တာချီလိတ်ပေါ့။ မြို့နယ်တွေမှာလည်းရှိတယ်။ မြန်မာပြည်တစ်ပြည်လုံးက မှာယူဝယ်ယူနိုင်ပါတယ်။

မေး။ ဟုတ်ကဲ့အစ်မ ဒီကော်ဖီမှုန့်လုပ်ငန်းကိုပေါ့။ အခုစတင်ပြီးလုပ်ချင်တဲ့ သူတွေလည်း ရှိတာပေါ့။ တောင်ငူမှာဆိုရင် ကော်ဖီဒေသထွက်ကုန်ဖြစ်တာပေါ့။ ဒေသခံအနေနဲ့ပဲဖြစ်ဖြစ် အခြားသောဒေသကသူတွေအနေနဲ့ပဲဖြစ်ဖြစ် ဒီလုပ်ငန်းကို စိတ်ဝင်စားလို့ စတင်ပြီးလုပ်ချင်တဲ့ သူတွေကို အစ်မအနေနဲ့ ဘယ်လိုမျိုး အကြံအဉာဏ်နဲ့ အားပေးစကားပြောချင်ပါသလဲခင်ဗျာ။

ဖြေ။ အခုမှစလုပ်မယ့်သူတွေဆိုရင်တော့ လုပ်ရင်လည်းအဆင်ပြေတယ်ပေါ့နော်။ အခုနောက်ပိုင်း လည်း ဒီကော်ဖီမှုန့်လုပ်ငန်းကို အခြားနာမည်တွေနဲ့ ထုတ်ကြတာရှိတယ်လေ။ ဘာပဲပြောပြော နာမည်များလို့ မထုတ်တော့ဘူးဆိုတာကတော့ မဖြစ်စေချင်ဘူးလေ။ လူတစ်ယောက်မှာ နာမည်တစ်ခုစီရှိကြတာပဲလေ။ အဲ့တော့အဆင်ပြေမှာပါ။ ထုတ်ပါလို့ ပြောချင်ပါတယ်။

မေး။ ဟုတ်ကဲ့အစ်မ၊ အစ်မဒီလုပ်ငန်းလုပ်တဲ့အချိန်မှာပေါ့။ ဘယ်လိုပဲမိဘမျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းခဲ့တယ်ဆိုဆို အခက်အခဲတွေကို လူတိုင်းကြုံတွေ့ရမှာပဲ။ အစ်မအနေနဲ့ ဘယ်လိုအခက်အခဲတွေကို ကြုံတွေ့ခဲ့ရလည်းဆိုတာ အခုမှစလုပ်မယ့်သူတွေ သိရှိအောင်၊ စိတ်ဓာတ်မကျအောင်လို့ ဘယ်လိုမျိုးအကြံအဉာဏ်လေးတွေ ပေးချင်ပါသလဲခင်ဗျာ။

ဖြေ။ ပတ်ဝန်းကျင်အတိုက်အခိုက်တော့ မရှိပါဘူး။ ဒါပေမဲ့ အစ်မက ဘာတွေရင်ဆိုင်ရလည်း ဆိုရင် ကော်ဖီစေ့ပေါ့။ ကော်ဖီစေ့ကျတော့ ရှာရတာခက်တယ်လေ။ ပွဲရုံဆိုတော့လည်း သူ့ဟာသူ ပွဲရုံတစ်စျေးပေါ့။ ကိုယ်တိုင်သွားဝယ်မယ်ဆိုရင်တော့ တစ်စျေးပေါ့နော်။ ဒါပေမဲ့အခုကျတော့ သူ့ဟာနဲ့သူ နေရာအဆင်မပြေတော့ ကော်ဖီစေ့ရဖို့ကျတော့ တော်တော်ခက်ခဲပါတယ်။ ရတော့လည်းစျေးနှုန်းတွေက တစ်ရက်နဲ့တစ်ရက်မတူဘူးလေ။ သူတို့ပြောသမျှစျေးပဲ လိုက်ပြီးဝယ်ရတော့ အခက်အခဲရှိတာပေါ့။ ကော်ဖီစေ့ကုန်ကြမ်းမှာ အခက်အခဲရှိမယ်။ ငွေကြေးစျေးနှုန်းမှာ အခက်အခဲရှိမယ်။ အခုမှစတင်လုပ်မယ့်သူတွေကျတော့ ဘယ်မှာဝယ်မယ်။ ဘယ်မှာလုပ်မလဲ။ စုံစမ်းပြီးမှ လုပ်စေချင်တယ်။

မေး။ ဟုတ်ကဲ့ပါခင်ဗျာ ပဒေသာကော်ဖီမှုန့်လုပ်ငန်းနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံရှင်းပြပေးတဲ့ အစ်မအေးချမ်းကိုကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

တွေ့ဆုံမေးမြန်းသူ - ဇော်ကိုကို(တောင်ငူ)