ရေကြည်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ရေကြည် ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(တေဇာသီရိ)ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေး၊ စကားပြောစွမ်းရည်ကျွမ်းကျင်စွာတက်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုဆွေးနွေးတက်စေရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းများရစေရန်နှင့် လူငယ်များမှနားထောင်ပြီး အသိပညာဗဟုသုတများစွာရရှိပြီး အပြန်အလှန် ပါဝင်ဆွေးနွေးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.ကရေကြည်မှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ဝေဝေမွန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မိုးစီစီအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ဦးစီးမှူးနှင့် လူငယ်ရေးရာကော်မတီအတွင်းရေးမှူး မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းအေးတို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မဝင့်ယသော်မြတ်က “လူငယ်နှင့်ရည်မှန်းချက်” ၊ မဂျူးဂျူးစံက “လူငယ်နှင့်အားကစား” ၊ မခင်ပြည့်စုံမှ “လူငယ်နှင့် စာရိတ္တ” ၊ မောင်ဥာဏ်ဝင်းက “လူငယ်နှင့်မူးယစ်ဆေး”  စသည့်ခေါင်းစဥ်တို့ဖြင့် ဆွေးနွေးခဲ့ကြရာတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ ကျောင်းသား၊ကျောင်းသူ (၃၈၄)ဦး တက်ရောက်ခဲ့ပြီး နေ့လည် ၁၂နာရီ ၃၀ မိနစ်အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မေသန့်ဇင် ရေကြည် (ပြန်/ဆက်)