ငွေဆောင် ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့က အ.မ.က(၁၂၇) ငွေဆောင်နှင့် အ.မက(၂၀၁) ငွေဆောင်စာသင်ကျောင်းတို့၌ လည်းကောင်း၊ ယနေ့နံနက်(၁၀း၀၀)နာရီက အ.ထ.က(ငွေဆောင်) စာသင်ကျောင်း၌လည်းကောင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ငွေဆောင်မြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ဘက်စုံသားဖွား ဆရာမ(Midwife) ငွေဆောင်(S / C) ဒေါ်ခင်မိမိလှိုင်နှင့် ကျန်းမာရေးကြီးကြပ် (၂) ဒေါ်နော်အယ်ဂေးဝါးတို့မှ မိုးရာသီတွင် ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ၊ သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများအား ကျောင်းသား/သူများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများအား သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေးအတွက် စာသင်ကျောင်းများ၊ ရပ်ကွက်/ကျေးရွာများသို့ သွားရောက်ကာ အသိပညာပေးဟောပြောခြင်းများ၊ ဖုံး ၊ သွန် ၊လဲ၊ စစ် လုပ်ငန်းများနှင့် Abate (အဘိတ်) ဆေးခတ်ခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
R–014(ငွေဆောင်)