ကန့်ဘလူ ဇွန် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲက လူထုအေခြပြုဗဟိုဌာန၌ ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ဇင်ဇင်ထွန်းက ကလေးအလုပ်သမားဆိုသည်မှာ ဥပဒေကခွင့်ပြုထားသော အသက်အရွယ်ထက်ငယ်ရွယ်ခြင်း၊ ဥပဒေကခွင့်ပြုမထားသော အလုပ်အမျိုးအစားတွင်လုပ်ကိုင်နေရခြင်း၊ မည်သည့်အလုပ်မျိုးကိုမဆို အသက် ၁၄ နှစ် အောက်ကလေးများအား လုပ်ကိုင်ခွင့်မပြုရန် ဥပဒေကတားမြစ်ထားကြောင်း၊ ကလေးအလုပ်သမား ဖြစ်ရခြင်းအကြောင်းများ၊ ကလေးအလုပ်သမားဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များ စသည်တို့ကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို (ဆု)ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်းမှ ကျောင်းသား၊ကျောင်းသူ ၆၀ ကျော်တို့က စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)