ရေတာရှည်မြို့နယ်၌ စားသုံးဆီအမျိုးမျိုးနှင့်ပတ်သက်၍ ဥပဒေပါပြဌာန်းချက်များနှင့် ညွှန်ကြားချက်အမိန့်များကို စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအား ရှင်းလင်းဆွေးနွေး

ရေတာရှည် ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦး​ဆောင်၍ ရေတာရှည်မြို့နယ်အတွင်း စားသုံးဆီအမျိုးမျိုးရောင်းချသည့် လုပ်ငန်းရှင်များအားတွေ့ဆုံ၍ ထုတ်ပြန်ထားရှိသည့် ဥပဒေပါပြဌာန်းချက်များ၊ ညွှန်ကြားချက်အမိန့်များကို သိရှိနိုင်‌စေရန် ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၌ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပသည်။

ရှင်းလင်းဆွေးနွေးပွဲ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအေးကျော်တို့က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးအောင်က စားသုံးဆီအမျိုးမျိုးနှင့်ပတ်သက်၍ ဥပဒေပါပြဌာန်းချက်များနှင့် ညွှန်ကြားချက်အမိန့်များကို စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအား ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များမှ သိရှိလိုသည်များမေးမြန်းရာ သက်ဆိုင်ရာ တာဝန်ခံများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါရှင်းလင်းဆွေးနွေးပွဲသို့ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရေတာရှည်မြို့နယ်အတွင်းရှိ ဆီလုပ်ငန်းရှင် ကုန်သည်များ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)