ဇီးကုန်း ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)မှ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်း အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်စိုးမင်းက အသိပညာပေး ဟောပြောခြင်းနှင့် ပတ်သက်၍ ပြည်သူလူထုအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်း ဆိုင်ရာ ပြဿနာအခက်အခဲများနှင့် ကြီးမားသောဘေးအန္တရာယ်များနှင့် ကြုံတွေ့ရင်ဆိုင်ရသည့်အခါ စိတ်ပိုင်းဆိုင်ရာများကို ခံနိုင်ရည်ရှိလာအောင် အားပေးကူညီနိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ် ကြောင်းနှင့် ကြက်ခြေနီအဖွဲ့ခွဲ၏ ဆောင်ရွက်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်၍ တပ်စုမှူး ဒေါ်ဝိုင်းထက်ထက်ဦးက စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုလက္ခဏာများနှင့် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှု လက္ခဏာများ ကြုံတွေ့လာချိန်တွင် ဖြစ်ပေါ်နိုင်သော ဆုံးရှုံးမှုများ၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှု၏ အခြေခံအချက်များ၊ အားပေးကူညီမှုဆောင်ရွက်ရာတွင် ရှောင်ကျဉ်သင့်သည့်အချက်များ၊ စိတ်ဖိစီးမှု ဖြေရှင်းရန် နည်းလမ်းများကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဇီးကုန်းမြို့နယ်ကြက်ခြေနီအသင်း(ခွဲ) ဒု-ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့် အလုပ်အမှုဆောင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)