ရွှေဘိုမြို့နယ်တွင် မျိုးစေ့ချကိရိယာ(Drum seeder)များ ပေးအပ်ပွဲကျင်းပ

​ရွှေဘို ဇွန် ၁၃

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် ​တောင်သူများထံသို့ မျိုးစေ့ချကိရိယာ(Drum seeder)ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ရှင်ယွန်းစံခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။ ​ရှေးဦးစွာ ရွှေဘိုခရိုင်စိုက်ပျိုး​ရေးဦးစီးဌာန လက်ထောက်ညွှန်ကြား​ရေးမှူး​ဒေါ်ဇာဇာမင်းက အဖွင့်အမှာစကား​ပြောကြားရာ မျိုးစေ့ချကိရိယာကိုသုံးစွဲခြင်းဖြင့် ပျိုးနှုတ်ခကောက်စိုက်ခများ သက်သာခြင်း၊ မျိုးစေ့နှုန်းထားသက်သာခြင်း၊ လေ၀င်လေထွက်ကောင်းမွန်ပြီး ပိုးမွှားရောဂါကျရောက်မှုသက်သာခြင်း၊ မျိုးစေ့ချကိရိယာကို ရေသွင်းရေထုတ်လွယ်ကူသည့် လယ်မြေများတွင်သုံးစွဲနိုင်ပြီး စနစ်တကျဆောင်ရွက်ပါက ကုန်ကျစရိတ်သက်သာပြီး စပါးအထွက်နှုန်းကောင်းမွန်ကြောင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး‌​ဦးဆန်းဦးမှ မျိုးစေ့ချကိရိယာ​ပေးအပ်ခြင်းရည်ရွယ်ချက်များကို ရှင်းလင်း​ဆွေး​နွေးခဲ့သည်။

ထို့​နောက် စိုက်ပျိုး​ရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့မှ တာဝန်ရှိသူများက မျိုးစေ့ချကိရိယာ(၅၀)ခုအား ကျေးရွာအုပ်စု(၈)အုပ်စုမှ တောင်သူများထံ ပေးအပ်ခဲ့ကြောင်းသိရသည်။​ ရွှေဘိုမြို့နယ်တွင် မိုးစပါး(၁၁၃၄၉၅)ဧက စိုက်ပျိုးရန်လျာထားပြီး  စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်