သရက်ခရိုင်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများအဖွဲ့က ကံမမြို့နယ်အတွင်းရှိ လူနာများအား အခမဲ့ကွင်းဆင်းကုသပေး

ကံမ ဇွန် ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်ရွှေအောင် ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများပါဝင်သော ကွင်းဆင်းဆေးကုသသည့်အဖွဲ့သည် ယနေ့နံနက် (၈) နာရီအချိန်က ကံမမြို့နယ်အတွင်းရှိ အထွေထွေရောဂါဝေဒနာခံစားနေရသော လူနာများအား ကံမမြို့နယ်ပြည်သူ့ဆေးရုံတွင် အခမဲ့ကွင်းဆင်း ကုသပေးခဲ့သည်။

ထိုသို့ကွင်းဆင်းကုသပေးသည့် အထူးကုဆရာဝန်ကြီးများအဖွဲ့တွင် အထွေထွေရောဂါကု သမားတော်ကြီး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ သားဖွားနှင့်မီးယပ်အထူးကု ဆရာဝန်ကြီး၊ ကလေးအထူးကု ဆရာဝန်ကြီး၊ အရိုးအကြောအထူးကု ဆရာဝန်ကြီး၊ သွားနှင့်ခံတွင်းအထူးကု ဆရာဝန်ကြီး၊ ဓာတ်မှန်ဆရာဝန်ကြီးနှင့် ဆရာ ဆရာမများပါဝင်ပြီး ရောဂါဝေဒနာခံစားနေရသော လူနာများအားကြည့်ရှုကာ ကုသပေးခြင်းလုပ်ငန်းနှင့်ဆေးဝါးများအား အခမဲ့ထောက်ပံ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အခမဲ့ကွင်းဆင်းဆေးကုသပေးနေမှုအား သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမြတ်ထွန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးကာ ဆေးကုသရန်လာရောက်ကြသည့် လူနာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားပြီး ကြာဇံကြော်နှင့် ‌သောက်ရေသန့်ဘူးများ လှူဒါန်းဝေငှပေးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)