ရွှေတောင် ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စု၊ မူလွန်နတ်မှော်ကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုသရေးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်မှ ကျောင်းသား/ ကျောင်းသူများအား စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာများအကြောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး “မိအေးချက်သည့်ဟင်းတစ်ခွက်” စက္ကူပြဇာတ်ပုံပြင်အား ကျောင်းသား၊ ကျောင်းသူလေးများကို ပြောကြားခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ဆင့်က စားသုံးသူနှင့်ပတ်သက်သော ကုန်အညွှန်းအမှတ်အသား(၈)ချက်၊ မြို့နယ်တိုင်းရင်းဆေး ကုသရေးဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်နီလာမြင့်က အာဟာရအုပ်စုများ၊ တိုင်းရင်း ဆေးဝါးများ၏ အကျိုးသက်ရောက်မှုနှင့် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာအကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဒေါ်သပြေက အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းနှင့် အခြေခံကိုယ်လက်လေ့ကျင့်လှုပ်ရှားမှုများကို ကျောင်းသား၊ ကျောင်းသူလေးများနှင့်အတူ လက်တွေ့ပြသပေးခဲ့သည်။
ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ရွှေဝတ်ရည်တိုးက ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း Icebreak အစီအစဉ်များပြုလုပ်ပြီး “ကတုကဒိတ် ကဒေါ့ကဒတ်” ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြောကြားပေးခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာစောင်များကို ဖတ်ရှုခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ ဆက်)