ငဖဲ ဇွန် ၁၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ ကျောင်းပြင်ပအသိ ပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက နယ်လှည့် အသိပညာပေးကွင်းဆင်းခြင်းကို ယနေ့နံနက် ၉ နာရီက သရက်ပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ် သရက်ပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမူက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြတ်မြတ်မော်က နယ်လှည့်အသိပညာပေးလှုပ်ရှားဆောင်ရွက်မှုအခြေအနေများ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးသိကောင်းစရာများ၊ စာဖတ်ခြင်း၏အကျိုး ကျေးဇူးများနှင့် ကုန်သည်သုံးဦးပုံပြင်ကို ကျောင်းသား/သူများအား အသိပညာပေးပြောကြားသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကလေးကြိုက် ရုပ်ပြများ၊ ပုံပြင်စာအုပ်များ၊ တိုင်းရင်းသားရိုးရာပုံပြင်များ၊ တေဇရုပ်ပြစာအုပ်များဖြင့် ကလေးစာဖတ်ဝိုင်း ဆောင်ရွက်ကာ ပြသထားရှိသော လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် သရုပ်ဖော်ရုပ်ပြများ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိ ပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)