ကျိုက်လတ် ဇွန် ၁၃
လူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ အခြေခံပညာဉီးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ကျိုက်လတ်မြို့နယ်၊ သဗြုဆိပ်ညောင်ချောင်း ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့၊ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် သဗြုဆိပ်ညောင်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ဉီးစီးအရာရှိ ဒေါ်ရီရီမြင့်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာ၌ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ လူငယ်များ နားထောင်ပြီး အသိပညာဗဟုသုတများ ရရှိ၍ အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များ ရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် လူငယ်စကားဝိုင်းကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပခဲ့ရာ ဉီးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မှ ဉီးစီးအရာရှိ ဒေါ်ရီရီမြင့်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်နိုးသူ တို့နှင့်အတူ Grade-9 မှ မဇူးဇူးမော် က လူငယ်နှင့်အသိစိတ်၊ Grade-10 မှ မနှင်းအိချစ်က လူငယ်နှင့် စည်းကမ်း၊ Grade-11 မှ မပန်းအိစံက လူငယ်နှင့် အမျိုးသားယဉ်ကျေးမှုထိန်းသိမ်းရေး၊ Grade-12 မှ မောင်အောင်ဇော်လင်းဦးက လူငယ်နှင့် ပေးသောလက် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားတက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြပြီး အထက(သဗြုဆိပ်ညောင်ချောင်း) မှကျောင်းအုပ် ဆရာမကြီး ဒေါ်ဝင်းမာက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ အထက(သဗြုဆိပ်ညောင်ချောင်း) မှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀)ဉီးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်