ကဝ ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၃) အ.မ.က(မူလွန်) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင်ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးသီက အဖွင့်အမှာစကားပြောကြားပြီး ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက ကျောင်းသားလူငယ်များဗလငါးတန်ဖွံ့ဖြိုးပြီး၊ ထူးချွန်ထက်မြတ်သူများ ဖြစ်လာစေရန်၊ သိသင့်သိထိုက်သည့် အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာများကိုဖတ်ကြရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း၊ ကလေးအလုပ်သမားအကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့် စာကြည့်တိုက်အဖြစ် ဦးစီးအရာရှိ ဒေါ်သန်းသန်း၀င်းနှင့် ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား အသိပညာတိုးပွားစေမည့် ရုပ်ပုံပြဇာတ်နှင့်ရုပ်ပုံပါ ပုံပြင်စာအုပ်များဖြင့် ပုံပြင်ပြောပြခြင်း၊ စာအုပ်များအားဖတ်ရှုစေခြင်းနှင့် မူးယစ်ဆေးဝါးအသိပညာပေးနံရံကပ်စာစောင်များကိုပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)