သရက်ချောင်းမြို့နယ်တွင် ကော်ဖီ၊ ကိုကိုး ပျိုးပင်ထောက်ပံ့ပေးအပ်ခြင်းနှင့် မျိုးစပါးများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ

သရက်ချောင်း  ဇွန်  ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သော မြို့နယ်အတွင်း တောင်သူများအား ကော်ဖီ၊ ကိုကိုး ပျိုးပင်ထောက်ပံ့ပေးအပ်ခြင်းနှင့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိ‌စေရေးအတွက် မျိုးစပါးများကို အကျိုးဆောင်တောင်သူများထံသို့ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက မြို့နယ်အတွင်း တောင်သူများသည် နှစ်ရှည်ပင်များအဖြစ် ရာဘာ၊ ကွမ်းသီးပင်များကိုအဓိကထား စိုက်ပျိုးသောဒေသဖြစ်သဖြင့် ဒေသရေမြေရာသီဥတု နှင့်ကိုက်ညီဖြစ်ထွန်းသော ကော်ဖီသီးနှံကို လည်းတိုးချဲ့စိုက်ပျိုးစေလိုကြောင်း၊ မျိုးကောင်းမျိုးသန့် ကော်ဖီတိုးချဲ့စိုက်ပျိုးလာစေရန်၊ တောင်သူများဝင်ငွေတိုးလာစေရေးနှင့် လူနေမှုဘဝမြှင့်မားလာစေရန်၊ ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်၊ နှစ်ရှည်သီးနှံ ရာဘာ၊ ကွမ်းသီးပင်များ တန်း ကြားတွင် ကော်ဖီပင်ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေတစ်ယူနစ်အသုံးချမှုတိုးတက်လာစေရန်၊ မြန်မာ့ကော်ဖီ ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ကော်ဖီပင်များ တိုးချဲ့စိုက်ပျိုး စေလိုကြောင်းပြောကြားသည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက တောင်သူများအား ကော်ဖီ၊ ကိုကိုး ပျိုးပင်ထောက်ပံ့ပေးအပ်ခြင်းနှင့် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိ‌စေရေးအတွက် မျိုးစပါးများကို အကျိုးဆောင်တောင်သူများထံသို့ ထောက်ပံ့ပေးအပ်ခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် တာဝန်ရှိသူများက တောင်သူများအား ကော်ဖီ၊ ကိုကိုးပျိုးပင်များနှင့် မျိုးစေ့များထောက်ပံ့ပေးအပ်ကာ အခမ်းအနား ရုပ်သိမ်းခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ အရည်အသွေးကောင်းသောကော်ဖီထုတ်လုပ်ရေး ရေရှည် တည်တံ့သော ကော်ဖီစိုက်ပျိုးနည်းစနစ်များလက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)