နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများအရောက် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း ဆောင်ရွက်

နတ်မောက် ဇွန် ၁၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့နံနက် ၈ နာရီ အချိန်က ဝက်ချုပ်ကျေးရွာ၊ သမှုန်းပင်ကျေးရွာများသို့ လိုက်လံနှိုးဆော်ခဲ့ကြသည်။

ထိုသို့ လိုက်လံနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိက မြန်မာနိုင်ငံအရပ်ရပ်တွင် နွေရာသီကာလဖြစ်သည့် မတ်လ၊ ဧပြီလနှင့် မေလများတွင် နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက်၍ တိမ်များဖြစ်ထွန်းပြီး မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်သည်။  အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသဖြစ်စဉ်များကို အသံချဲ့စက်ဖြင့် သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးပြီး လေဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ရပ်ကွက်နေပြည်သူများအား လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှဝင်း