တောင်တွင်းကြီးမြို့နယ်တွင် မူးယစ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

တောင်တွင်းကြီး  ဇွန် ၁၃

ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို တောင်တွင်းကြီးမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကလေးငယ်များအနေဖြင့် စာကြည့်တိုက်သို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများဖြစ်ပေါ်စေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ပြီး အခြေခံ ပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၅)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲအား တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အခမ်းအနားဖြင့် ဆုများပေးအပ်ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)