ပန်းတောင်းမြို့နယ်၌ အခြေခံကဗျာရေးနည်းသင်တန်းဖွင့်လှစ်

ပန်းတောင်း ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး ကလေးလူငယ်များအား အခြေခံကဗျာစပ်နည်းသင်တန်းကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။   

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သင်းသင်းအေးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကိုပြောကြားကာ သင်တန်းနည်းပြအဖြစ် စာရေးဆရာဦးကိုကြီး(ပန်းတောင်း)က သံပေါက်စပ်နည်း၊ လင်္ကာစပ်နည်း၊ နဘေထပ်စပ်နည်း၊ လေးလုံးစပ်လင်္ကာ၊ တီထွင်စမ်းသစ်မှုများအကြောင်းနှင့် စာရေးဆရာစစ်ရင်သွေး(ပန်းတောင်း)မှ ဒွေးချိုး၊ တြိချိုး၊ လေးချိုးစပ်နည်းများ၊ ကလေးကဗျာရေးနည်းများကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံကဗျာရေးနည်းသင်တန်းကို အခြေခံပညာအထက်တန်းကျောင်း(ပန်းတောင်း)မှ သင်တန်းသား၊ သင်တန်းသူ(၃၀)ဦးဖြင့် ဇွန်လ(၁၂)ရက်နေ့မှ ဇွန်လ(၁၄)ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)