ပွင့်ဖြူ ဇွန် ၁၃
ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုဂေဟစနစ်အား လျှော့ချနိုင်ရေးအတွက် ယခုနှစ် မိုးရာသီတွင် အရိပ်ရသစ်ပင်များ စိုက်ပျိုးနိုင်ရန် ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများကို လူထုဖြန့်ဝေခြင်း အစီအစဉ်ဖြင့် အရိပ်ရပျိုးပင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ လူထုဖြန့်အနေဖြင့် အရိပ်ရပျိုးပင်များ ဖြန့်ဝေပေးရာတွင် ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာန (တာဝန်ခံ) တောအုပ် ဦးအောင်ကျော်မိုးက မိုးရာသီကာလ သစ်ပင်စိုက်ပျိုးရန်အတွက် ပျိုးပင်လာရောက်ယူဆောင်ကြသည့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများကို အရိပ်ရပျိုးပင်များ ဖြန့်ဝေပေးရခြင်း၏ ရည်ရွယ်ချက်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များ ရှင်သန်အောင် စိုက်ပျိုးရမည့် နည်းစနစ်များ၊ သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို အသိပညာပေး ဆွေးနွေးပြောကြားပြီး ၂၀၂၄ ခုနှစ်၊ မိုးရာသီကာလ စိုက်ပျိုးရန်အတွက် ကျွန်း၊ တမာ၊ ဗန်ဒါ၊ မယ်ဇယ်၊ ယူကလစ်၊ ရှား၊ ကုက္ကို၊ စိန်ပန်းကြီး၊ မယ်ဇလီ စသည့် အရိပ်ရပျိုးပင်များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။
အဆိုပါ လူထုဖြန့်ဝေခြင်းအစီအစဉ်ဖြင့် အရိပ်ရပျိုးပင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့က ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာ ဒေသခံပြည်သူများကို ပျိုးပင်စုံ ၂၀၀၊ ကြီးအုံကြီးဝတမံ ပတ်ဝန်းကျင် စိုက်ပျိုးရန်အတွက် ပျိုးပင်စုံ ၇၀၀၊ မြို့နယ်မီးသတ်ဦးစီးဌာနအတွက် ပျိုးပင်စုံ ၁၅၀ တို့ကို စနစ်တကျ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ယခု ၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် လူထုဖြန့်ဝေခြင်းအစီအစဉ်ဖြင့် ကျွန်း၊ တမာ၊ ဗန်ဒါ၊ မယ်ဇယ်၊ ယူကလစ်၊ ရှား၊ ကုက္ကို၊ စိန်ပန်းကြီး၊ မယ်ဇလီ စသည့်အရိပ်ရပျိုးပင် စုစုပေါင်း ၄၀၀၀၀ အား အခမဲ့ဖြန့်ဝေပေးရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်းသိရကာ ကျန်ရှိသည့် ဌာနဆိုင်ရာရုံးများနှင့် ဒေသခံပြည်သူများကိုလည်း ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း အဆိုပါ မြို့နယ်သစ်တောဦးစီးဌာန (တာဝန်ခံ) တောအုပ် ဦးအောင်ကျော်မိုးက ပြောကြားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)