ပေါင်းတည်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့်အသိပညာပေးဟောပြောပွဲ ပြပွဲများကွင်းဆင်းဆောင်ရွက်

ပေါင်းတည် ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဘိုးသာအောင်ကုန်းကျေးရွာအုပ်စု၊ ဘိုးသာအောင်ကုန်းကျေးရွာ မူလတန်းလွန်ကျောင်းတွင် ယနေ့ နေ့လယ်ပိုင်းက အခြေခံပညာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာမူးယစ်​ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်​ရောင်းဝယ်မှုတိုက်ဖျက်​ရေး​နေ့အထိမ်းအမှတ် အသိပညာ​ပေး၊ စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ​ကို ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုအသိပညာပေးဟောပြောပွဲ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးဆုစံက မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးဦးနိုင်ဝင်းသိန်းက စားသုံးရန်မသင့်သောအစားအစာများအကြောင်းတို့ကို အသီးသီးဟောပြောကြ​ကာ ကျောင်းသား၊ ကျောင်းသူများနှင့်အပြန်အလှန်မေးမြန်းခြင်း၊ ဖြေဆိုခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ရုပ်ပုံပါစာအုပ်ဖြင့် ပူးပေါင်းဆောင်ရွက်မှုအကျိုးရလာဒ်ကို ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ပုံဖော်သရုပ်ပြသပေးခြင်း၊ ဝန်ထမ်းများက ပျော်ရွှင်စရာကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ပေးခြင်း၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်မှူး ဒုတိယဦးစီးမှူးဒေါ်ဝင်းမြသန်းက အသိပညာပေး စက္ကူပြဇာတ်ပြသပေးခြင်း၊ ရွေ့လျားစာကြည့်တိုက်ယာဉ်ပေါ်မှ အသိပညာပေးစာအုပ်များကို ဖတ်ရှုလေ့လာစေခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်လူကုန်ကူးမှု  အသိပညာပေးနံရံကပ်စာစောင်များပြသပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 အဆိုပါအသိပညာပေးဟောပြောပွဲနှင့်ပြပွဲတွင် ကျောင်းအုပ်ဆရာကြီး​နှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူစုစု​ပေါင်း(၈၄)ဦးတက်​ရောက်ခဲ့​​ကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)