တောင်တွင်းကြီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်တွင်းကြီး ဇွန် ၁၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေလယ် (၂)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်အေးမိုးမိုးမြင့်က တောင်တွင်းကြီးမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်မည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပမည့် လုပ်ငန်းအစီအစဥ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မြို့နယ်ပညာရေးမှူးရုံးမှ ပညာရေးမှူးဒေါ်လှလှဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပညာရေးဌာနမှပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကိုရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့်ဌာနဆိုင်ရာအကြီးအ​ကဲများနှင့် ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများက အသီးသီးဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတာဝန်များကို ပုခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ပညာတက်လူငယ်မောင်မယ်များနှင့် လူ့စွမ်းအားအရင်းအမြစ်များလိုအပ်သည်နှင့်အညီ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များအား စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန်အတွက် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ရန်  စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပွဲတော်တွင် စာပေဟောပြောပွဲ၊ ပြိုင်ပွဲများ၊ စာအုပ်စာစောင်ပြပွဲများ၊ ပြခန်းများ၊ ဖြေဖျော်ရေးများနှင့်အတူ စာအုပ်စျေးရောင်းပွဲတော်ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။    

ရန်နောင်စိုး (ပြန်/ဆက်)