လှိုင်းဘွဲ ဇွန် ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၌ လှိုင်းဘွဲမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ဒုတိယရဲမှူး စိုင်းထွန်းထွန်းလတ်က ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအန္တရာယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ကျောင်းသား၊ ကျောင်းသူလူငယ်လေးများအား လူ့စွမ်းအားအရင်းအမြစ် တိုးတက်မြင့်မားရေး၊ အသိပညာ၊ အတတ်ပညာ၊ နည်းပညာ၊ အသုံးချပညာများ၏ အရေးပါမှု အခန်းကဏ္ဍများ၊ အစားအသောက် ဘေးကင်းလုံခြုံစေရေးအတွက် ကျောင်းအနီးရှိ မုန့်စျေးဆိုင်များအား မြန်မာ့ရိုးရာမုန့်များကို ရောင်းချပေးရန် ကျောင်းသား၊ ကျောင်းသူလေးများက ဝိုင်းဝန်း၍ တိုက်တွန်းပြောကြားစေလိုကြောင်း၊ အိမ်နီးချင်းနိုင်ငံတို့မှ ဝင်ရောက်နေသည့် မုန့်များ၏ ဘေးထွက်ဆိုးကျိုးအန္တရာယ်များအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းရန်နောင်က ကျားမအခြေပြု အကြမ်းဖက်မှု(GBV)အကြောင်းသိမှတ်စရာများကို အသိပညာပေးဟောပြောခဲ့ပြီး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးအရာရှိ ဦးသီဟမြင့်ဆွေက မီးသတ်တပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုရသည့် ဝတ်စုံအရောင်များကို ရှင်းပြ၍ သဘာဝဘေးအန္တရာယ်ကြောင့် အရေးပေါ်ရှာဖွေကယ်ဆယ်ခြင်း၊ ကယ်တင်ခြင်းနည်းလမ်းများကို လက်တွေ့သရုပ်ပြသပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသပေးထားသော လူမှောင်ခို၊ လူကုန်ကူးမှုအန္တရာယ်များနှင့် မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း သိမှတ်ဖွယ်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် ဓါတ်ပုံများကို ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြပြီး၊ နယ်လှည့်စာကြည့်တိုက် (Mobile Library)မှ သုတရသစာအုပ်များ၊ ရုပ်ပြစာအုပ်များကိုလည်း လေ့လာဖတ်ရှု ငှားရမ်းခဲ့ကြကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)