ကြံခင်း ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကလို့ကွင်းအုပ်စု၊(အ -ထ-က) ချင်းမြောင်ကျောင်း၊ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ဖြစ်ပေါ်လာပုံ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ မူးယစ်ဆေးဝါးအမျိုးအစားနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအားလည်းကောင်း၊ မြို့မရဲစခန်းမှ ဒုရဲအုပ်အောင်အောင်က မူးယစ်ဆေးသုံးစွဲခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်း၊ လက်ဝယ်တွေ့ရှိပါက အပြစ်ပေးအရေးယူဆောင်ရွက်မည့် ပြစ်မှု၊ ပြစ်ဒဏ်များနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောကြသည်။
ထို့နောက် (အ-ထ-က) ချင်းမြောင်ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်များ ပြသထားရာ တက်ရာက်လာကြသော ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်းနှင့် အဆိုပါအသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူ(၁၅၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)