ပုသိမ် ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးပညာရေးမှူးရုံး၊ အစည်းအဝေးခန်းမ(၁)တွင် တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်တွေ့ဆုံ၍ ပညာရေးဆိုင်ရာလုပ်ငန်းများကို ဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအတွင်းရှိ ကျောင်းများ စတင်ဖွင့်လှစ်သည့်နေ့မှစ၍ ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ (၁၁)သိန်းတစ်သောင်းကျော် ကျောင်းအပ်နှံတက်ရောက်လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်စေရေး၊ စဉ်ဆက်မပြတ် အတန်းကူးပြောင်းမှုရှိစေရေး၊ ကျောင်းထွက်မှုမရှိစေရေးအတွက် အောင်စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ အပ်နှံရန်ကျန်ရှိသူများအား ဆရာ၊ ဆရာမများ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ကျောင်းတက်ရောက်စေရေး အသိပညာပေး စည်းရုံးဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်ရေးနှင့် အနည်းဆုံး KG+9 ပြီးဆုံးသည်အထိ ပညာသင်ယူနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းဝတ်စုံများ၊ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာပစ္စည်းများကိုလည်း အခမဲ့ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည့်ပံ့ပိုးမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် နှစ်စမှ ပင်တွန်းအားပေးကြပ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း နှစ်စမှပင် ကြိုတင်ပြင်ဆင်မှုကောင်းကောင်းဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူလေးများ၏ ကျန်းမာရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်များကောင်းမွန်ရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း” ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)